ရာဇဝတ်မှုကြီးများ ကျူးလွန်သူ ၃ ဦးကို မုံးကိုးတွင် သေဒဏ် စီရင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်။ 

မုံးကိုးခရိုင်တွင် လူသတ်မှုနှင့် မုဒိမ်းမှုကျူးလွန်သူ ၅ ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့ရာ သုံးဦးအား သေဒဏ် စီရင်လိုက် သည်ဟု The Kokang (ကိုးကန့် သတင်းကွန်ရက်)က ထုတ်ပြန်သည်။

ကိုးကန့်တပ် MNDAA/MNTJP ၏ တရားစီရင်ရေး အဖွဲ့သည် ဒေသတွင်း တရားဥပဒေစိုးမိုးရေးနှင့် ရာဇဝတ် မှုများကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရန် ရည်ရွယ်၍ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မုံးကိုးခရိုင်၌ လူထုတရား စီရင်ပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု အထူးဒေသ (၁) က ဆိုသည်။ 

အဆိုပါ တရားစီရင်ပွဲတွင် ကြီးလေးသော ရာဇဝတ်မှုကျူးလွန်သူ ၅ ဦးအား ပြစ်ဒဏ်ချမှတ်ခဲ့ပြီး၊ ၎င်းတို့အနက် လူသတ်မှုကျူးလွန်သူ ၃ ဦးကို သေဒဏ် စီရင်ခဲ့သည် ဟု The Kokang (ကိုးကန့် သတင်းကွန်ရက်)က မှ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက် ၈ နာရီတွင် မုံးကိုးမြို့နယ် (၄) လမ်း ဘောလုံးကွင်း၌ ကျင်းပသော အခမ်းအနား သို့ တရားစီရင်ရေး အဖွဲ့အစည်းများနှင့် အုပ်ချုပ်ရေး အကြီးအကဲများ တက်ရောက်ခဲ့ကြပြီး၊ ဒေသခံပြည်သူများ က တရားစီရင်မှုကို တက်ရောက်ခဲ့ကြသည်။

မုံးကိုးခရိုင် ပါတီကော်မတီအတွင်းရေးမှူး Mr. Li Zhi Mao က ဤကိစ္စနှင့်ပတ်သက်၍ MNTJP ပါတီဗဟို ကော် မတီ၏ သဘောထားမှာ တင်းကျပ်ပြီး၊ ဥပဒေအရ အမြန်ဆုံးနှင့် အပြင်းထန်ဆုံး အရေးယူရမည် ဖြစ်ကာ ပြည်သူလူထုအား အေးချမ်းသာယာသော လူမှုပတ်ဝန်းကျင် တစ်ရပ်ကို ပြန်လည် ပေးအပ်ရန် ခိုင်မာစွာရပ် တည်ကြောင်းဟု ပြောသည်။ 

အထူးဒေသအတွင်း လူသတ်မှု၊ ကလေးသူငယ် မုဒိမ်းကျင့်မှုကဲ့သို့သော ပြင်းထန်သည့်အမှုများ ကြိမ်ဖန်များစွာ ဖြစ်ပွားနေသည်ဟုလည်း မုံးကိုးခရိုင် ပါတီကော်မတီအတွင်းရေးမှူး Mr. Li Zhi Mao က ထောက်ပြပြောဆို ခဲ့သည်။

ရည်ရွယ်ချက်ရှိရှိ လူသတ်မှုများ ကျူးလွန်ခဲ့သည့် အသက် ၄၈ နှစ်အရွယ် Mr. Li Xiao Liang၊ အသက် ၄၂ နှစ်အရွယ် Mr. Jin Lao Er နှင့် အသက် ၂၈ နှစ်အရွယ် ကိုဇော်ထက်တို့အား သေဒဏ် ချမှတ်ခဲ့ပြီး ၎င်းတို့၏ ကိုယ်ပိုင်ပစ္စည်းအားလုံးကို ပြည်သူပိုင်သိမ်းဆည်းရန် စီရင်ခဲ့သည်။

အလားတူ ကလေးသူငယ်အား မုဒိမ်းကျင့်မှု ကျူးလွန်ခဲ့သူ အသက် ၄၃ နှစ်အရွယ် ကိုဝင်းထွန်း အား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။ 

ထို့အပြင် ရည်ရွယ်ချက်ရှိရှိဖြင့် ထိခိုက်မှုကို ကျူးလွန်သူ အသက် ၁၈ နှစ်မပြည့်သေးသည့် ကိုဟိန်းထက်ပိုင် ကိုလည်း ထောင်ဒဏ် ၁၄ နှစ် ချမှတ်ခဲ့သည်။

စီရင်ချက်များ ကြေညာပြီးနောက်၊ သေဒဏ်ချမှတ်ခံရသူ သုံးဦးအား တရားစီရင်ရေးအရာရှိများက ဥပဒေနှင့် အညီ သေဒဏ်စီရင်ရာနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ 

ခေါ်ဆောင်သွားစဉ်တွင် မုံးကိုးမြို့၏ အဓိကလမ်းမများမှ ဖြတ်သန်းပြသခဲ့သည်ဟု ထုတ်ပြန်သည်။

လူထုရှေ့မှောက် တရားစီရင်ခြင်းဖြင့် ဥပဒေ၏ အခွင့်အာဏာကို လူတိုင်းနားလည်စေရန် ရည်ရွယ်ကြောင်း မုံးကိုးခရိုင် ပါတီကော်မတီအတွင်းရေးမှူး Mr. Li Zhi Mao က ပြောဆိုခဲ့သည်။

အထူးဒေသ (၁) အနေဖြင့် ယခုကဲ့သို့ လူထုတရားစီရင်ပွဲကို ဒေသတွင်းနှင့် လားရှိုးမြို့တို့တွင် လေးကြိမ် ကျင်းပခဲ့ပြီးဖြစ်ကြောင်း The Kokang (ကိုးကန့် သတင်းကွန်ရက်)၏ ထုတ်ပြန်ချက်များတွင် ဖော်ပြသည်။ 

ဤပြစ်ဒဏ် စီရင်ပုံမှာ ကပ်လျက်ရှိ တရုတ်နိုင်ငံ၏ ပြစ်ဒဏ် စီရင်ပုံနှင့် ဆင်တူသည်။