ဖမ်းဆီးခံ မန္တလေး သပိတ်ခေါင်းဆောင် အသက်အန္တရာယ် စိုးရိမ်နေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်။
မန္တလေးသပိတ်ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်ကော်မရှင်တပ်က အကြမ်းဖက်ရိုက်နှက်ဖမ်းဆီး သွားကြောင့် အသက်အန္တရာယ်ထိခိုက်မည်ကို မိသားစုနှင့် တော်လှန်ရေးအင်အားစုများ စိုးရိမ်နေကြသည်။
ဆုကြေးငွေထုတ်ကာ ဖမ်းဝရမ်းအထုတ်ခံထားရသည့် မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုထက်မြတ်အောင်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညပိုင်းမှ စတင်၍ ၄ ရက်ခန့် ပျောက်ဆုံးနေခြင်း ဖြစ်သည်။
ထို့နောက် မန္တလေးမြို့တွင်ပင် စစ်ကော်မရှင်တပ်၏ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အတည်ပြု ထုတ် ပြန်သည်။
ရတနာပုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ AFCC နှင့် GSCB တို့၏ အဖွဲ့ဝင်လည်း ဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကိုထက်မြတ်အောင်သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညပိုင်းကတည်းက မိသားစု၊ မိတ်ဆွေများနှင့် အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်။
၎င်းအား ဖမ်းဆီးစဉ်တွင် စစ်ကော်မရှင်တပ်များက ပြင်းပြင်းထန်ထန် ထိုးကြိတ်ရိုက်နှက်ကာ ရုန်းရင်းဆန်ခတ် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသဖြင့် အသက်အန္တရာယ်အတွက် အထူးစိုးရိမ်ရသည့် အခြေအနေ ဖြစ်နေသည်။
ရန်ကုန်သပိတ်ခေါင်းဆောင် ကိုနန်းလင်းက “ကိုထက်မြတ်အောင်ကို ဒီလ ၁၄ ရက်နေ့ကနေစပြီးတော့ အဆက် အသွယ် ပြတ်သွားတယ်။ နောက်ပြီး သူ အဖမ်းခံရတယ်လို့ ကျနော်တို့ အတည်ပြုနိုင်တယ်။ ဖမ်းဆီးခံရချိန်က စလို့ မိသားစုနဲ့လည်း လုံးဝ အဆက်အသွယ်မရဘူး။ ဖမ်းတဲ့အချိန်မှာလည်း ထိုးကြိတ်ရိုက်နှက်မှုတွေနဲ့ ဖမ်းဆီး တယ်လို့ သတင်းရထားတဲ့အတွက် အထူးပဲ စိုးရိမ်နေရပါတယ်” ဟု ပြောသည်။
ကိုထက်မြတ်အောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်နေ့က ဒေါက်တာတေဇာဆန်း ဦးဆောင်သည့် မန္တလေး ဈေးချိုတော်အနီး စစ်တပ်ဆန့်ကျင်ရေးနှင့် ရွေးကောက်ပွဲသပိတ်တွင် ပါဝင်ခဲ့သူဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
ထိုဆန္ဒပြမှုအပြီး နောက်တစ်နေ့တွင် စစ်ကော်မရှင်တပ်က ဈေးချိုတော်ရှိ ဆိုင်ခန်းပေါင်း ၅၀ ကျော်ကို အင်အား သုံး ဖျက်ဆီးခဲ့သလို CCTV မှတစ်ဆင့် ဆိုင်ကယ်အဝင်အထွက်များကို စုံစမ်းကာ သပိတ်ခေါင်းဆောင်များကို လိုက်လံဖမ်းဆီးနေခြင်း ဖြစ်သည်။
မန္တလေးမြို့ခံ တစ်ဦးက “ဖမ်းခံရတယ် ကြားတော့ တော်တော်စိတ်မကောင်းဘူး။ ဒီကောင်တွေက လူစိတ်ရှိတာ မဟုတ်ဘူးဗျ။ သူတို့ဆီ အဖမ်းခံရလို့ကတော့ နှိပ်စက်ခံရလို့ သေဖို့များတယ်ဗျာ။ ကျနော်က ကိုယ်တွေ့မို့ပါ။ ကျနော်တို့ ရပ်ကွက်ထဲမှာ အဲ့လိုဖြစ်ခဲ့ဖူးတယ်။ အာဏာသိမ်းစ ဆန္ဒပြတာတွေတုန်းက ဒီနေ့ဖမ်းသွား နောက်ရက် အလောင်းပဲ ပြန်ရတာဗျ။ စစ်ကြောရေးမှာ ရင်ဆိုင်ရမယ့် သူ့ဘဝကို တွေးပြီး ရင်ထဲဗလောင်ဆူရ ပါတယ်။ တွေးကြည့်ရင်တောင် အသက်ရှူမဝဘူးဗျယ။ သူ ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့ပဲ ဆန္ဒပြုချင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ကိုထက်မြတ်အောင်အား မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို အတည်မပြုနိုင်သေးဘူးဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
သိုသော်လည်း ကျန်းမာရေးကောင်းမွန်သည့် လူငယ်တစ်ဦးဖြစ်သဖြင့် ၎င်း၏ အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့ပါက စစ်ကော်မရှင်တပ်တွင်သာ လုံးဝ တာဝန်ရှိကြောင်း GSCB နှင့် တော်လှန်ရေး အင်အားစုများက သတိပေးထားသည်။