မဲရုံစောင့်ရသည့် ဝန်ထမ်းများ လုံခြုံရေး အန္တရာယ် စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၉ ရက်။ 

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်တွင် မဲရုံ စောင့်ရန် အတင်းအကျပ် စေခိုင်းခံရသည့် ဝန်ထမ်းများ လုံခြုံရေးအတွက် စိုးရိမ်နေကြသည်။ 

မိုင်းရယ်မြို့တွင် လာမည့် ဇန်နဝါရီ ၁၁ ရက်နေ့၌ ကျင်းပမည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲ အတွက် Non-CDM ပညာရေးဝန်ထမ်းများကို မဲရုံစောင့်အဖြစ် အတင်းအကျပ် တာဝန်ပေးအပ်ထားရာ ဝန်ထမ်းများအကြား အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြခြင်း ဖြစ်သည်။

စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲ အပိုင်း (၂) အဖြစ် ရှမ်းပြည် အတွင်းရှိ မြို့နယ် (၇) ခုတွင် ကျင်းပရန် စီစဉ်နေပြီး ရှမ်းမြောက်ဒေသတွင် မိုင်းရယ်နှင့် တန့်ယန်းမြို့နယ်တို့မှာ အဓိက ပစ်မှတ်များ ဖြစ်နေသည်။ 

မိုင်းရယ်မြို့ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများကို ‘မဖြစ်မနေ လုပ်အားပေးရမည်’ ဟု ညွှန်ကြားထားသော်လည်း မြေပြင်တွင်မူ ငြင်းဆန်၍မရသည့် ဖိအားပေးမှုများ ရှိနေကြောင်း ဝန်ထမ်းများနှင့် နီးစပ်သူများက ဆိုသည်။

မဲရုံစောင့်အဖြစ် တာဝန်ပေးခံရသူတစ်ဦးနှင့် နီးစပ်သူက မဖြစ်မနေ လာရမယ်ပြောတယ်။ ကိုယ်မလာရင် ကိုယ့်တာဝန် ကိုယ်ယူဆိုတဲ့ သဘောမျိုးပါ။ ဒီမှာက ဘယ်သူမှ စိတ်မဝင်စားကြဘူး။ အခုက သူတို့ဘက်က လုံခြုံရေးလည်း သေချာစီစဉ်ပေးတာမျိုး မဟုတ်ဘူး ဟု ပြောသည်။

လက်ရှိတွင် ဝန်ထမ်းများကို ကြိုတင်မဲ ပေးခိုင်းထားသည့်အပြင် မြို့ခံလူထုအား မဲလာထည့်ရန်အတွက်ပါ ကြိုတင် စည်းရုံးရေးဆင်းရန် စစ်ကော်မရှင်က ခိုင်းစေနေသည်ဟု ဆိုကြသည်။ 

သို့သော်လည်း မိုင်းရယ်မြို့ အနီးတစ်ဝိုက်တွင် ကိုးကန့်တပ်မတော် (MNDAA) နှင့် စစ်ကော်မရှင်တပ်တို့ အကြား စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင် မြို့တွင်း၌ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့များလည်း ရှိနေသဖြင့် တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားလာနိုင်သည့် အခြေအနေတွင် ရှိနေသည်။

ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပခဲ့စဉ်က ကရင်နီ (ကယား)ပြည်၊ လွိုင်ကော်မြို့တွင် တိုက်ခိုက်မှုများ ရှိခဲ့ခြင်း ကြောင့် မိုင်းရယ်မှ ဝန်ထမ်းများမှာလည်း အလားတူ ဖြစ်ရပ်မျိုး ကြုံတွေ့ရမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ 

အခုက စေတနာ့ ဝန်ထမ်းသဘောတောင် မဟုတ်လောက်ဘူး။ မဖြစ်မနေ သွားကိုသွားရမှာ။ လွိုင်ကော်မှာ လည်း ရွေးကောက်ပွဲနေ့ ရှော့တိုက်ဒုံး ကျတယ်ကြားလို့ ဆရာမတွေ သွားရမှာ လန့်နေကြတယ် ဟု မြို့ခံ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။

မိုင်းရယ်မြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) စသည့် ပါတီ (၃) ခုသာ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ပြီး မဲရုံပေါင်း ၂၉ ရုံဖြင့် ကျင်းပရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

စစ်ကော်မရှင်ကမူ ၎င်းတို့၏ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ဝန်ထမ်းများကို အကာအကွယ်သဖွယ် အသုံးချကာ အတင်းအကျပ် လုပ်ဆောင်လျက်ရှိကြောင်း လေ့လာသူများက သုံးသပ်ထားကြသည်။