ပြန်လည် မောင်းနှင်သော ကမ္ဘာ့အကြီးဆုံး နျူကလီးယားစက်ရုံ ပြန်လည် ရပ်ဆိုင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၃ ရက်။  

ဂျပန်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ကာရှီဝါဇာကီ-ကာရီဝါ (Kashiwazaki-Kariwa) နျူကလီးယား ဓာတ်အားပေး စက်ရုံကို ပြန်လည်မောင်းနှင်ရန် ကြိုးပမ်းခဲ့သော်လည်း လုပ်ငန်းစဉ်စတင်ပြီး နာရီပိုင်းအကြာမှာပင် ပြန်လည်ရပ် ဆိုင်းလိုက်ရသည်။ 

ဓါတ်အားပေး စက်ရုံ၏ အမှတ် (၆) ရီအက်တာကို ဗုဒ္ဓဟူးနေ့တွင် စတင်မောင်းနှင်စဉ် အချက်ပေးခေါင်းလောင်း (Alarm) မြည်လာခဲ့သည့်အတွက် လုံခြုံရေးအရ လုပ်ငန်းစဉ်များကို ချက်ချင်းရပ်တန့်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လည်ပတ်မှု ကို တာဝန်ယူသော Tepco ကုမ္ပဏီက ပြောသည်။ 

သို့သော်လည်း Tepco ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ လက်ရှိအချိန်တွင် ရီအက်တာမှာ တည်ငြိမ်မှုရှိပြီး ပြင်ပသို့ ရေဒီယိုသတ္တိကြွမှု ယိုစိမ့်ထွက်လာခြင်း မရှိကြောင်း အတည်ပြုထားသည်။

၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူကလီးယားဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် ဂျပန်တစ်နိုင်ငံလုံးရှိ ရီအက်တာ ၅၄ ခုလုံးကို ပိတ်ထားခဲ့ခြင်းဖြစ်သည်။ 

ဂျပန်အစိုးရအနေဖြင့် ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လုံးဝမရှိစေရေး (Net Zero) ရည်မှန်းချက်အတွက် နျူကလီးယားစွမ်းအင်ကို ပြန်လည်အသုံးပြုရန် ကြိုးပမ်းနေသော်လည်း ဒေသခံပြည်သူများကမူ ဘေးအန္တရာယ်လုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်ကာ ကန့်ကွက်ဆန္ဒပြမှုများ ရှိနေသည်။