လက်ရှိ ဝန်ကြီးချုပ် အစိုးရသစ်တွင် ဝန်ကြီးချုပ် ဆက်ဖြစ်မည်ကို ဝန်ထမ်းများ စိုးရိမ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရွေးကောက်ပွဲအနိုင်ရမှု အပေါ် ဝန်ထမ်းများမှာ စိုးရိမ်နေကြသည်။
ဧရာဝတီတိုင်းဒေသကြီး၏ လက်ရှိဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိသွားခဲ့သည့်အတွက် အသစ်ဖွဲ့စည်းမည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် ပြန်လည်ခန့်အပ်ခံရမည်ကို တိုင်းအတွင်းရှိ ဝန်ထမ်းအများစုက စိုးရိမ်နေကြခြင်း ဖြစ်သည်။
ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက “ဝန်ကြီးချုပ်က ခက်ထန်တယ်။ တပ်ကလာတာဆိုတော့ တပ်ပုံစံပေါ့။ ရေဗူး ပေါက်တာ မလိုချင်ဘူး၊ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ပဲ။ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးညှိနှိုင်းလို့ မရဘူး။ အာဏာနဲ့ပဲ အုပ်ချုပ်တာ၊ အမိန့်ပေးတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပိုင်း (၃) တွင် ဦးတင်မောင်ဝင်းသည် ရေကြည်မြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
စစ်ဘက်မှ လာသူဖြစ်သည့်အတွက် ၎င်း၏ တင်းကျပ်ပြီး ခက်ထန်သည့် အုပ်ချုပ်ရေးပုံစံအောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်ရမည်ကို ဝန်ထမ်းများက ညည်းတွားနေကြသည်။
ထို့အပြင် ဝန်ကြီးချုပ်သည် ရုံးချိန်ပြင်ပတွင် အရေးကြီးကိစ္စ မရှိဘဲ ဝန်ထမ်းများကို ခေါ်ယူကာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခိုင်းခြင်း၊ မိမိဌာနနှင့် မသက်ဆိုင်သည့် အလုပ်များကို ခိုင်းစေခြင်းတို့ကြောင့် လုပ်ငန်းခွင်အတွင်း ပျော်ရွှင်မှုကင်းမဲ့နေရသည်ဟု အခြားဝန်ထမ်းများကလည်း ဆိုသည်။
သို့သော် အဂတိလိုက်စားမှု အခွင့်အလမ်းရှိသည့် ဌာနအချို့တွင်မူ ဝန်ကြီးချုပ်၏ လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုမှု အပေါ် ကြေနပ်သူများရှိနေစသည်ဟု ဆိုကြသည်။
“ငွေဝင်တဲ့ ဌာနတွေကတော့ ဝန်ကြီးချုပ်ကို ကြိုက်ကြတယ်။ အပေးအယူရှိတာကို လုပ်ပိုင်ခွင့်ထက်ကျော် လွန် ပြီး ငွေကိုသဲ့ပြီး ရှာနိုင်ကြတော့ ပျော်တာပေါ့။ အဲဒီဌာနတွေက မပြောလည်း သိကြပြီးသားပါ” ဟု တိုင်းအစိုးရ အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
နိုင်ငံရေးလေ့လာသူများနှင့် အခြားပါတီခေါင်းဆောင်များကမူ ဤရွေးကောက်ပွဲရလဒ်သည် ကြိုတင်စီစဉ်ထား သည့် ဇာတ်ညွှန်းအတိုင်း ဖြစ်လာခြင်းသာဖြစ်သည်ဟု ရှုမြင်နေကြသည်။
ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီခေါင်းဆောင်တစ်ဦးက “အကွက်ကျကျ အသေးစိတ် စီမံဖန်တီးထားတဲ့ ဇာတ်လမ်းလေ။ ဇာတ်ကောင်တွေကို နေရာချထားပြီးသား။ မြင်သာထင်သာပါတယ်။ ဒီဝန်ကြီးချုပ်ပဲ ဝန်ကြီးချုပ်ဆက်လုပ်မှာပါ၊ ပြိုင်ဘက်မရှိပါဘူး” ဟု ပြောသည်။
အထူးသဖြင့် ရွေးကောက်ပွဲမတိုင်မီ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပုသိမ်မြို့သို့ ရောက်ရှိစဉ်အတွင်း ဝန်ကြီးချုပ်အား သီးခြားခေါ်ယူတွေ့ဆုံခဲ့ခြင်းသည် ၎င်းအား ဝန်ကြီးချုပ်အဖြစ် ဆက်လက်ထားရှိရန် သေချာ စေခဲ့သည့် ထူးခြားသော ဖြစ်စဉ်တစ်ရပ်အဖြစ် သုံးသပ်ကြသည်။
ဦးတင်မောင်ဝင်းသည် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၎င်း၏ လက်ထက်တွင် တိုင်းအတွင်း ဥပဒေကို ငွေဖြင့် ဝယ်ယူလုပ်ကိုင်ရသည့် လုပ်ငန်းများစွာ ပေါ်ပေါက်လာခဲ့ ကြောင်း ဒေသခံလုပ်ငန်းရှင်အချို့က ဆိုသည်။
၎င်းသည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (OTS) အပတ်စဉ် ၆၄ ဆင်းဖြစ်ကာ တပ်မ ၂၂ တပ်မမှူးနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တိုင်းမှူး တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။
လက်ရှိတွင် တိုင်းအတွင်းရှိ ဝန်ထမ်းများက ဦးတင်မောင်ဝင်း၏ နေရာတွင် အခြားသော အနိုင်ရ ကိုယ်စားလှယ် တစ်ဦးနှင့် အစားထိုးခန့်အပ်ပေးစေလိုကြောင်း ဆန္ဒရှိနေကြသော်လည်း လက်တွေ့တွင်မူ ဦးတင်မောင်ဝင်းပင် ဝန်ကြီးချုပ်အဖြစ် ဆက်လက်အာဏာတည်မြဲမည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုကြသည်။