ဂျပန်၏ ကမ်းလွန် မြေရှား သတ္တု စမ်းသပ် တူးဖော်မှု အောင်မြင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်။
ဂျပန်နိုင်ငံသည် ပင်လယ်ရေအောက်အနက် ၆ ကီလိုမီတာ (၆,၀၀၀ မီတာ) မှ မြေရှားသတ္တု (Rare Earth) ပါဝင်သော ရွှံ့နွံများကို ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ တူးဖော်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
“ချီကျူး (Chikyu)” အမည်ရှိ ပင်လယ်နက်တူးဖော်ရေးသင်္ဘောသည် တိုကျိုမြို့၏ အရှေ့တောင်ဘက်ရှိ မီနာမီတိုရီရှီးမား (Minamitorishima) ကျွန်းအနီးတွင် ယခုကဲ့သို့ စမ်းသပ်တူးဖော်ခဲ့ခြင်းဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် ဆာနိုင်း တာကာအီချီ (Sanae Takaichi) က ယခုအောင်မြင်မှုသည် မြေရှားသတ္တုထုတ်လုပ်မှုအတွက် နိုင်ငံခြားအပေါ် အလွန်အကျွံမှီခိုနေရမှုကို လျှော့ချနိုင်မည့် ပထမဆုံးခြေလှမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အထူးသဖြင့် လျှပ်စစ်ကား (EV) ဘက်ထရီနှင့် ကာကွယ်ရေးနည်းပညာများတွင် မရှိမဖြစ်လိုအပ်သော အဆိုပါသတ္တုများကို တရုတ်နိုင်ငံက အဓိကထိန်းချုပ်ထားရာ ဂျပန်အနေဖြင့် ထောက်ပံ့မှု ပြတ်တောက်မည်ကို စိုးရိမ်လျက်ရှိသည်။
သုတေသီများ၏ ခန့်မှန်းချက်အရ အဆိုပါဒေသရှိ မြေရှားသတ္တုပမာဏသည် နှစ်ပေါင်းရာနှင့်ချီ၍ သုံးစွဲနိုင်လောက်အောင် ကြွယ်ဝသည်။
ဂျပန်နိုင်ငံသည် ရရှိလာသော ရွှံ့နွံများကို ဓာတ်ခွဲစမ်းသပ်ပြီး စီးပွားဖြစ် ထုတ်လုပ်နိုင်သည့်အဆင့်အထိ ဆက်လက်ကြိုးပမ်းသွားမည်ဟု ဆိုသည်။