နယူးယောက် ဆရာတော် ဦးဩဘာသ ကျောင်းအပါအဝင် အဆောက်အဦး ၃ ခု မီးလောင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်။
အမေရိကန် ပြည်ထောင်စုရှိ အလင်းပါရမီ ဆရာတော် ဦးဩဘာသ သတင်းသုံးရာ ကျောင်းတိုက် အပါအဝင် အဆောက်အဦတချို့ ယမန်နေ့က မီးလောင်ကျွမ်းခဲ့ရာ လူတစ်ဦး သေဆုံးပြီး ကျောင်းတိုက် တစ်ခုလုံး နီးပါး မီးထဲပါသွားခဲ့သည်ဟု အမေရိကန်ရှိ မြန်မာအချို့၏ လူမှု ကွန်ရက် အကောင့်များတွင် ရေးသား ဖော်ပြနေကြသည်။
ဒေသခံ အမေရိကန် သတင်းဌာနများက လူနေအိမ် သုံးလုံး အဆင့် ၄ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြပြီး လူ တစ်ဦး သေဆုံးကာ လူအနည်းဆုံး ၉ ဦး ဒဏ်ရာရရှိကြောင်း ဖော်ပြခဲ့သည်။
နယူးယောက်မြို့၊ ကွင်းစ် (Queens) အရပ်ရှိ လူနေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၉ ရက် တနင်္လာနေ့ ညနေ ၆:၄၄ နာရီတွင် အဲလ်မ်းဟတ်စ် (Elmhurst) ရပ်ကွက်ရှိ Dongan Avenue ရှိ အဆောက်အအုံတစ်ခု၌ မီးလောင်နေကြောင်း သတင်းရရှိခဲ့သည်ဟု နယူးယောက် မီးသတ်ဌာနက ထုတ်ပြန်သည်။
မီးသည် လျင်မြန်စွာ ကူးစက်သွားခဲ့ပြီး အနီးနားရှိ အဆောက်အအုံ ၃ လုံးကို ဝါးမြိုသွားခဲ့သည်။ ည ၇:၂၂ နာရီတွင် ဒုတိယအမြင့်ဆုံး အရေးပေါ်တုန့်ပြန်မှုအဆင့်ဖြစ်သော “4-alarm” အဆင့်အဖြစ် ကြေညာခဲ့ရသည်။
အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။
အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးသည် စိုးရိမ်ရသည့် အခြေအနေဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရသည်။ ကျန်ရှိသော ဒဏ်ရာရရှိသူ ရှစ်ဦးအနက် နှစ်ဦးမှာ မီးသတ်သမားများ ဖြစ်ကြသည်။
မီးလောင်နေစဉ်အတွင်း လူအများအပြားကို လူနာတင်စင်များဖြင့် လူနာတင်ယာဉ်များပေါ်သို့ တင်ဆောင်သွားသည်ကို တွေ့မြင်ခဲ့ကြရသည်။
မီးသတ်ဌာနက ထုတ်ပြန်သော ဓာတ်ပုံများတွင် မီးလျှံများသည် အဆောက်အအုံခေါင်မိုးများမှတစ်ဆင့် ကောင်းကင်ယံအထိ ထိုးတက်နေသည်ကို တွေ့ရသည်။ မီးလောင်ရသည့် အကြောင်းရင်းကိုမူ လက်ရှိအချိန်အထိ တိကျစွာ မသိရသေးဘဲ စုံစမ်းစစ်ဆေးဆဲ ဖြစ်သည်။