မြောက်ကိုရီးယား၏ (၉) ကြိမ်မြောက် အလုပ်သမားပါတီ ညီလာခံမကြာမီ ကျင်းပမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။
မြောက်ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံးမူဝါဒချမှတ်ရာ အလုပ်သမားပါတီ ညီလာခံကို ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ယခုဖေဖော်ဝါရီလနှောင်းပိုင်းတွင် ကျင်းပသွားမည် ဖြစ်သည်။
မြောက်ကိုရီးယား နိုင်ငံသည် ၅ နှစ်တစ်ကြိမ် ကျင်းပသော ကွန်ဂရက်များတွင် နိုင်ငံ၏ နိုင်ငံခြားရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်နှင့် မူဝါဒများကို ချမှတ်လေ့ရှိသည်။
လက်ရှိ အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်းအား “နိုင်ငံတော်သမ္မတ” ရာထူး ပေးအပ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။
အမေရိကန်နှင့် ဆက်ဆံရေးတွင် နျူကလီးယားဖျက်သိမ်းရေးထက် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” လမ်းစဉ်ကို အဆိုပြုလာနိုင်သလို၊ တောင်ကိုရီးယားနှင့် ပတ်သက်၍လည်း ပေါင်းစည်းရေး သို့မဟုတ် ရန်ဘက်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်ရေးတို့ကို ပြတ်သားစွာ ချမှတ်လာဖွယ်ရှိသည်။
စစ်ရေး အရမူ နျူကလီးယားလက်နက်နှင့် စစ်လက်နက်ပစ္စည်းများ အဆင့်မြှင့်တင်ရေးအတွက် အဆင့်မြင့် စီမံကိန်းအသစ်များကို အတည်ပြုနိုင်ကြောင်း ပညာရှင်များက သုံးသပ်ထားကြသည်။