အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့၏ ကြားဖြတ်ကုန်သွယ်ရေး သဘောတူညီချက်ကြေညာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်။ 

အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့အကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) မရရှိမီ စပ်ကြားတွင် အပြန်အလှန် အကျိုးစီးပွားအတွက် အကောင်အထည်ဖော်မည့် ကြားဖြတ်ကုန်သွယ်ရေး သဘောတူညီချက် (Interim Trade Agreement) ကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

အမေရိကန်မှ တင်သွင်းသည့် စက်မှုကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေးထွက်ကုန်များ (ဝိုင်၊ အခွံမာသီး၊ ပဲဆီ စသည်) အပေါ် အခွန်များကို အိန္ဒိယဘက်မှ လျှော့ချ သို့မဟုတ် ပယ်ဖျက်ပေးမည် ဖြစ်သည်။ ထို့အပြင် ဆေးဘက်ဆိုင်ရာနှင့် နည်းပညာပစ္စည်းများအပေါ် ကန့်သတ်ထားသော လိုင်စင်လုပ်ထုံးလုပ်နည်းများကိုလည်း ဖြေလျှော့ပေးမည်ဖြစ်သည်။

အိန္ဒိယ၏ အဓိကပို့ကုန်များဖြစ်သော ဆေးဝါး၊ ကျောက်မျက်ရတနာနှင့် လေယာဉ်အစိတ်အပိုင်းများအပေါ် အခွန်များကို အမေရိကန်ဘက်မှပြန်လည်ဖယ်ရှားပေးမည်ဖြစ်ပြီး၊ သံမဏိနှင့် အလူမီနီယမ် အခွန်အချို့ကိုလည်း လျှော့ချပေးမည် ဖြစ်သည်။

အိန္ဒိယသည် လာမည့် ၅ နှစ်အတွင်း အမေရိကန်ထံမှ ဒေါ်လာ ၅၀၀ ဘီလီယံဖိုးရှိသော စွမ်းအင်၊ လေယာဉ်နှင့် နည်းပညာပစ္စည်းများကို ဝယ်ယူရန် ကတိပြုခဲ့သည်။

ဤသဘောတူညီချက်ကြောင့် အိန္ဒိယနိုင်ငံသည် ဒေသတွင်း၌ အရေးပါသော ကုန်ထုတ်လုပ်မှု ဗဟိုချက်မအဖြစ် ပြောင်းလဲလာနိုင်ကြောင်း ပညာရှင်များက ခန့်မှန်းထားကြသည်။