မြောက်ကိုရီးယားကို အမေရိကန်မှ လက်နက်ခိုးပို့သည့် တရုတ်နိုင်ငံသား ထောင် ၈ နှစ်ကျ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်။
အမေရိကန် ပြည်ထောင်စုမှ မြောက်ကိုရီးယားနိုင်ငံသို့ လက်နက်များ တရားမဝင် ပို့ဆောင်မှုဖြင့် တရုတ်နိုင်ငံ သား တစ်ဦးကို ထောင်ဒဏ် ၈ နှစ် ချမှတ်လိုက်သည်ဟု အမေရိကန် တရားရေးဌာနက ပြောသည်။
အသက် ၄၂ နှစ် အရွယ် Shenghua Wen က ကယ်လီဖိုးနီးယားမှ ပစ္စည်းများ ပို့ပေးခဲ့သည့်အတွက် မြောက်ကိုရီးယား အရာရှိများဆီမှ အမေရိကန် ဒေါ်လာ ၂ သန်းရခဲ့သည်ဟု ဆိုသည်။
ကယ်လီဖိုးနီးယား ပြည်နယ် အွန်တာရီယိုတွင် နေထိုင်သည့် မစ္စတာ Wen ကို နိုင်ငံတကာ စွမ်းအင် စီးပွားရေး ပါဝါ အက်ဥပဒေ နှင့် နိုင်ငံခြား အစိုးရ၏ တရားမဝင် အေးဂျင့် အဖြစ် လုပ်ဆောင်မှုများနှင့် အမိန့်ချခဲ့ခြင်း ဖြစ်သည်။
Wen သည် ၂၀၁၂ ခုနှစ်တွင် အမေရိကန်နိုင်ငံကို ကျောင်းသား ဗီဇာနှင့် ဝင်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဗီဇာ ကုန်သွားခဲ့သည်။
သို့သော်လည်း Wen သည် ဗီဇာရက်လွန်ဖြင့် အမေရိကန်တွင် ဆက်လက်နေထိုင်ဲခ့ခြင်း ဖြစ်သည်။
တရားရေး အေဂျင်စီ၏ အဆိုအရ မစ္စတာ Wen သည် အမေရိကန် ပြည်ထောင်စုကို မရောက်မှ တရုတ်နိုင်ငံ ရှိ မြောက်ကိုရီးယား သံရုံးက အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး ၎င်းအရာရှိများက Wen ကို မြောက်ကိုရီးယား ကိုယ်စား ပစ္စည်းများ ဝယ်ယူဖို့ ညွှန်ကြားခဲ့သည်။
၂၀၂၂ ခုနှစ် အတွင်း မြောက်ကိုရီးယား အရာရှိ နှစ်ဦးက အွန်လိုင်း စကားပြော ပလက်ဖောင်း တစ်ခုမှ ဆက်သွယ် လာပြီး Wen ကို သေနတ်များနှင့် အခြား ပစ္စည်းများ ခိုးသယ်ပေးရန် ဆက်သွယ်လာခဲ့သည်ဟု အမေရိကန် တရားရေးဌာနက ပြောသည်။
၂၀၂၃ ခုနှစ် အတွင်း၌လည်း အနည်းဆုံး ကွန်တိန်နာ ၃ လုံးနှင့် အပြည့် ပစ္စည်းများကို တရုတ် ဆိပ်ကမ်း တစ်ခုမှ မြောက်ကိုရီးယားကို ပို့ဆောင်ပေးခဲ့သည်။
Wen က ကွန်တိန်နာတွင်ပါသည့် ပစ္စည်းများကို လွှဲပြောင်းဖော်ပြခဲ့သည်ဟု အမေရိကန် တရားရေးက ဆိုသည်။
၎င်းက Huston တွင် ရှိသည့် လက်နက် လုပ်ငန်းတစ်ခုကိုလည်း မြောက်ကိုရီးယားက ပိုက်ဆံနှင့် ဝယ်ယူ ခဲ့သေးသည်။
လက်နက်များကို Texas မှ ကယ်လီဖိုးနီးယားကို သယ်ယူပြီး သင်္ဘောနှင့် ပေးပို့ခြင်း ဖြစ်သည်။
လွန်ခဲ့သည့် နှစ် စက်တင်ဘာလ အတွင်းက ၉ မမ ကျည်ဆံ ၆၀,၀၀၀ ကို မြောက်ကိုရီးယားသို့ ပို့ဖို့ ဝယ်ယူခဲ့သည်။
Wen က အပြစ်ကျူးလွန်ကြောင်းကို တရားရုံး၌ ပြီးခဲ့သည့်နှစ် ဇွန်လကတည်းက ဝန်ခံခဲ့ပြီး တရားရုံးက ယခုနှစ် မှာမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယား နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်အရ လက်နက်ရောင်းဝယ်မှု ပိတ်ဆို့ ခံထားရသော နိုင်ငံ ဖြစ်ပါတယ်။
အလားတူ အမေရိကန်နိုင်ငံကလည်း ပဲ့ထိန်းဒုံးကျည်များနှင့် ပတ်သက်၍ မြောက်ကိုရီးယားနိုင်ငံကို သီးခြား အရေးယူ ပိတ်ဆို့မှု လုပ်ထားသည်။