ဗြိတိန် တော်ဝင် မင်းသားဟောင်း အင်ဒရူး ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်၊ စစ်ဆေးခံနေရဆဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်။

ဗြိတိန်တော်ဝင်မင်းသားဟောင်း အန်ဒရူး မောင့်ဘက်တန် ဝင်ဆာ (Andrew Mountbatten-Windsor) သည် ဂျက်ဖရီ အပ်စတိန်း (Jeffrey Epstein) အရှုပ်တော်ပုံနှင့် ဆက်စပ်၍ ဖမ်းဆီးစစ်ဆေး ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသော်လည်း စုံစမ်းစစ်ဆေးမှုများ ဆက်လက်ရင်ဆိုင် နေရဆဲဖြစ်သည်။

အန်ဒရူးသည် နှစ်ပေါင်း ၄၀၀ နီးပါးအတွင်း ဖမ်းဆီးခြင်းခံရသည့် ပထမဆုံးသော ဗြိတိန်တော်ဝင်မိသားစုဝင် အဆင့်မြင့်ပုဂ္ဂိုလ် ဖြစ်သည်။

ဗြိတိန်ဘုရင် ချားလ်စ် အမှတ် (၃) ၏ ညီတော် မင်းသားဟောင်း အန်ဒရူးသည် အစိုးရရာထူးဖြင့် တာဝန်ထမ်းဆောင်စဉ်အတွင်း မလျော်မကန် ပြုမူခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ 

၁၂ နာရီနီးပါးကြာ စစ်ဆေးမေးမြန်းခံရပြီးနောက် ၎င်းကို ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမှုမှာ ပြီးပြတ်သွားခြင်း မဟုတ်ဘဲ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်။

အန်ဒရူးသည် ဗြိတိန်နိုင်ငံ၏ ကုန်သွယ်ရေး အထူးကိုယ်စားလှယ်အဖြစ် ၁၀ နှစ်ကြာ တာဝန်ယူစဉ်အတွင်း နျူကလီးယားနှင့် ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ အပါအဝင် ထိရှလွယ်သည့် အစိုးရသတင်းအချက်အလက်များကို လိင်ပိုင်းဆိုင်ရာ ရာဇဝတ်ကောင် ဂျက်ဖရီ အပ်စတိန်းထံ ပေးပို့ခဲ့သည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေသည်။

ဘုရင် ချားလ်စ် (၃) က ဤဖြစ်ရပ်အပေါ် “အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း” ဖော်ပြခဲ့ပြီး “ဥပဒေသည် ၎င်း၏လမ်းစဉ်အတိုင်းသာ ဆက်လက်သွားရမည်” ဟု အလေးပေး ပြောကြားခဲ့သည်။ 

အန်ဒရူးသည် ၎င်းအပေါ် စွပ်စွဲထားသည့် ပြစ်မှုအားလုံးကို ငြင်းဆိုထားပြီး ကွယ်လွန်သူ အပ်စတိန်း၏ မလျော်ကန်သော အပြုအမူများကိုလည်း မြင်တွေ့ခဲ့ခြင်း သို့မဟုတ် သံသယရှိခဲ့ခြင်း လုံးဝမရှိဟု အခိုင်အမာ ပြောကြားထားသည်။ သို့သော် လတ်တလော ထွက်ပေါ်လာသည့် အစိုးရရာထူး မလျော်မကန်အသုံးပြုမှု စွပ်စွဲချက်များနှင့် ပတ်သက်၍မူ လူသိရှင်ကြား မှတ်ချက်ပေးခြင်း မရှိသေးပေ။

အပ်စတိန်း၏ ကျူးလွန်မှုမှ လွတ်မြောက်လာသူတစ်ဦးက အန်ဒရူးကို ဖမ်းဆီးနိုင်ခြင်းမှာ “အောင်ပွဲအသေးစားလေးတစ်ခု” ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံတွင်လည်း တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် တောင်းဆိုခဲ့သည်။