လန်ဒန်ရဲများက တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးသည်ဟူသော စွပ်စွဲချက်ဖြင့် လူ ၃ ဦး ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၅ ရက်။
ဗြိတိန်နိုင်ငံတွင် တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးနေသည်ဟု သံသယရှိရသူ ၃ ဦးကို လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူများထဲတွင် အာဏာရ လေဘာပါတီမှ လွှတ်တော်အမတ် Joani Reid ၏ ခင်ပွန်းဖြစ်သူ David Taylor (၃၉ နှစ်) ပါဝင်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြကြသည်။
၎င်းတို့ ၃ ဦးကို ၂၀၂၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော အမျိုးသားလုံခြုံရေးအက်ဥပဒေအရ ဗုဒ္ဓဟူးနေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်အမတ် Joani Reid က သူမ၏ခင်ပွန်းသည် ဥပဒေချိုးဖောက်ခဲ့သည်ဟု သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ မတွေ့ရှိခဲ့ဖူးကြောင်းနှင့် ခင်ပွန်းဖြစ်သူ၏ စီးပွားရေးလုပ်ငန်းများတွင် သူမ ပါဝင်ပတ်သက်မှု မရှိကြောင်း ထုတ်ပြန်ထားသည်။
ဗြိတိန်လုံခြုံရေးဝန်ကြီး Dan Jarvis က တရုတ်နိုင်ငံသည် ဗြိတိန်အတွက် ခြိမ်းခြောက်မှုများစွာ ဖြစ်ပေါ်စေသဖြင့် အထူးစိုးရိမ်ကြောင်း ပြောကြားခဲ့သော်လည်း လန်ဒန်ရှိ တရုတ်သံရုံးကမူ ဤစွပ်စွဲချက်များမှာ လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။
ယခုသူလျှိုမှုသည် တရုတ်နိုင်ငံနှင့် စီးပွားရေးဆက်ဆံရေး ကောင်းမွန်အောင် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ် ကီယာစတာမာအတွက် ကြီးမားသော နိုင်ငံရေး အခက်အခဲတစ်ခု ဖြစ်လာစေခဲ့ပါသည်။