ထိုင်းသင်္ကြန်ကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက်များ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်။ 

ထိုင်းနိုင်ငံအစိုးရသည် ၂၀၂၆ ခုနှစ် သင်္ကြန်ကာလကို “အရက်ကင်းစင်၍ ဘေးကင်းသော သင်္ကြန်” အဖြစ် သတ်မှတ်ထားပြီး စည်းကမ်းဖောက်ဖျက်သူများကို တင်းတင်းကြပ်ကြပ် အရေးယူသွားမည်ဖြစ်သည်။

ထိုင်း ဘုရင့် ရဲတပ်ဖွဲ့ကလည်း စည်းကမ်းများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။ 

အဓိက တားမြစ်ချက်များနှင့် ပြစ်ဒဏ်များ: 

၁။ ရေသေနတ်နှင့် ဖိအားပြင်းပိုက်များ: PVC ပိုက်ဖြင့် ပြုလုပ်ထားသော ရေအမြောက်များနှင့် ဖိအားပြင်းရေသေနတ်များ အသုံးမပြုရ။ ချိုးဖောက်ပါက ထောင်ဒဏ် ၂ နှစ် သို့မဟုတ် ဒဏ်ငွေ ၄,၀၀၀ ဘတ် ကျခံရနိုင်သည်။ 

၂။ အရက်ရောင်းချမှု: အသက် ၂၀ မပြည့်သူများကို အရက်ရောင်းချခြင်း လုံးဝမပြုရ။ ရောင်းချခွင့်ပြုချိန်မှာ (၁၁:၀၀ – ၁၄:၀၀) နာရီနှင့် (၁၇:၀၀ – ၂၄:၀၀) နာရီအတွင်းသာ ဖြစ်သည်။ 

၃။ မူးယစ်မောင်းနှင်မှု: အရက်သောက်၍ ယာဉ်မောင်းနှင်ပါက ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်ငွေ ၂၀,၀၀၀ ဘတ်အထိ ကျခံရနိုင်ပြီး၊ ၂ နှစ်အတွင်း ထပ်မံကျူးလွန်ပါက ပြစ်ဒဏ် ပိုမိုပြင်းထန်မည်ဖြစ်သည်။ 

၄။ အဝတ်အစားနှင့် အပြုအမူ: လူပုံအလယ်တွင် အမြင်မတော်သော ဝတ်စားဆင်ယင်မှုနှင့် အပြုအမူများအတွက် ဒဏ်ငွေ ၅,၀၀၀ ဘတ်အထိ ချမှတ်နိုင်သည်။ 

၅။ ယာဉ်စည်းကမ်း: ပစ်ကပ်ကားဘေးဘောင်ပေါ်တွင် ထိုင်ခြင်းနှင့် ခေါင်မိုးပေါ်တက်၍ ရေကစားခြင်းတို့ကို တားမြစ်ထားသည်။ လမ်းမကြီးများတွင် ၂၄ နာရီ အမြန်နှုန်းတိုင်း ကင်မရာများဖြင့် စစ်ဆေးမည်ဖြစ်ပြီး အရှိန်ကျော်ပါက ဒဏ်ငွေ ၄,၀၀၀ ဘတ်နှင့် လိုင်စင်အမှတ် အဖြတ်ခံရမည်ဖြစ်သည်။ 

၆။ ဆူညံသံ: စပီကာများအသုံးပြုခြင်းနှင့် ပွဲလမ်းသဘင်များပြုလုပ်ရန် သက်ဆိုင်ရာခရိုင်ရုံးများ၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။