ထိုင်ဝမ်အတိုက်အခံခေါင်းဆောင် တရုတ်ပြည်သို့ သွားရောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်။
ထိုင်ဝမ်၏ အဓိကအတိုက်အခံပါတီဖြစ်သော ကူမင်တန် (KMT) ပါတီဥက္ကဋ္ဌ Cheng Li-wun သည် တရုတ်နိုင်ငံသို့ ၆ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်နေပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် ရှိသည်။
ယင်းသည် ဆယ်စုနှစ်တစ်ခုအတွင်း KMT ဥက္ကဋ္ဌတစ်ဦး၏ ပထမဆုံးသော တရုတ်ပြည်ခရီးစဉ် ဖြစ်သည်။
Cheng Li-wun က ၎င်းအနေဖြင့် နှစ်နိုင်ငံကြား ပြန်လည်သင့်မြတ်ရေးအတွက် “ငြိမ်းချမ်းရေးတံတား” အဖြစ် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်အာဏာရ DPP ပါတီကမူ ယခုခရီးစဉ်သည် အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည်ဟု ဝေဖန်ခဲ့သည်။
တရုတ်က ထိုင်ဝမ်ပတ်ပတ်လည်တွင် စစ်ရေးခြိမ်းခြောက်မှုများ လုပ်နေချိန်တွင် ယခုလို သွားရောက်ခြင်းသည် ရန်သူ့ထံ ဒူးထောက်ခြင်းဖြစ်ပြီး၊ အမျိုးသားလုံခြုံရေးကို ထိခိုက်စေသည်ဟု ဆိုသည်။
နိုင်ငံရေးလေ့လာသူများကမူ ယခုခရီးစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ မရေရာသော ထိုင်ဝမ်မူဝါဒနှင့် အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် အမေရိကန်အပေါ် ယုံကြည်မှု လျော့နည်းလာချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သုံးသပ်ထားကြသည်။
အထူးသဖြင့် ထိုင်ဝမ်၏ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ရန် ကိစ္စရပ်ကို အတိုက်အခံပါတီက လွှတ်တော်တွင် ပိတ်ဆို့ထားချိန်နှင့် တိုက်ဆိုင်နေခြင်းကြောင့် ပြည်တွင်းပြည်ပ နိုင်ငံရေးမျက်နှာစာတွင် ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။