အင်ဒိုပိုင် ဗျူဟာမြောက် ရေလက်ကြားအနီး တရုတ် ဒရုန်းတစ်စင်း သိမ်းဆည်းရမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်။ 

အင်ဒိုနီးရှားနိုင်ငံရှိ မဟာဗျူဟာမြောက် အရေးပါသော လုံဘော့ရေလက်ကြား (Lombok Strait) အနီးတွင် တရုတ်နိုင်ငံမှ ထောက်လှမ်းရေးအတွက် အသုံးပြုသည်ဟု ယူဆရသော ရေအောက်ဒရုန်းတစ်စင်းအား ဒေသခံတံငါသည်တစ်ဦးက ဆယ်ယူရမိခဲ့ကြောင်း နိုင်ငံတကာ သတင်းများနှင့် နည်းပညာဆိုင်ရာ သတင်းဝက်ဘ်ဆိုက်များတွင် ဖော်ပြသည်။ 

ယခုအခါ တိုပီဒို သဏ္ဍာန် ရှိသည့် အဆိုပါ ရေငုပ် ဒရုန်းကို အင်ဒိုနီးရှားရေတပ်က စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။

ဧပြီလအစောပိုင်းတွင် ဂီလီထရာဝမ်ဂန် (Gili Trawangan) ကျွန်း၏ မြောက်ဘက် ရေပြင်အတွင်း ငါးဖမ်းပိုက်များအတွင်း ငြိတွယ်နေသည့် ထူးဆန်းသော သတ္တုပစ္စည်းတစ်ခုအား တံငါသည်များက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု Engeneering စာစောင်တွင် ဖော်ပြထားသည်။ 

တိုပီဒိုပုံသဏ္ဌာန်ရှိသော အဆိုပါကိရိယာသည် အရှည် ၃.၇ မီတာနှင့် အချင်း ၀.၇ မီတာခန့်ရှိပြီး၊ တရုတ်နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးနှင့် ရေတပ်နည်းပညာဆိုင်ရာ အဖွဲ့အစည်းကြီးဖြစ်သော China Shipbuilding Industry Corporation (CSIC) ၏ အမှတ်အသားများကို တွေ့ရှိရသည်ဟု သတင်းများတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားရဲတပ်ဖွဲ့နှင့် ဗုံးရှင်းလင်းရေးအဖွဲ့များ၏ ကနဦးစစ်ဆေးချက်များအရ အဆိုပါကိရိယာအတွင်း ပေါက်ကွဲစေတတ်သောပစ္စည်း သို့မဟုတ် ရေဒီယိုသတ္တိကြွပစ္စည်းများ မတွေ့ရှိရဘဲ၊ ရေအောက် လေ့လာစူးစမ်းရေးနှင့် တိုင်းတာရေးနည်းပညာသုံး Unmanned Underwater Vehicle (UUV) တစ်မျိုးဖြစ်ကြောင်း အတည်ပြုထားသည်။ 

လက်ရှိတွင် အဆိုပါကိရိယာကို မာတာရမ် (Mataram) ရေတပ်အခြေစိုက်စခန်းသို့ လွှဲပြောင်းပေးထားပြီး၊ ၎င်း၏ ရည်ရွယ်ချက်နှင့် အချက်အလက်များကို ပိုမိုသိရှိနိုင်ရန် ကျွမ်းကျင်သူများက ဆက်လက်ခွဲခြမ်းစိတ်ဖြာလျက် ရှိသည်။

ယခုဒရုန်းကို တွေ့ရှိခဲ့သည့် လုံဘော့ရေလက်ကြားသည် ပစိဖိတ်သမုဒ္ဒရာနှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ထားသည့် အလွန်နက်ရှိုင်းသော ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး၊ ရေငုပ်သင်္ဘောကြီးများ လျှို့ဝှက်စွာ ဖြတ်သန်းသွားလာနိုင်သည့် နေရာဖြစ်သည်။ 

ကာကွယ်ရေးဆိုင်ရာ လေ့လာသူများ၏ အဆိုအရ အဆိုပါရေအောက်ဒရုန်းများသည် ပင်လယ်ကြမ်းပြင် မြေမျက်နှာသွင်ပြင်နှင့် ရေစီးကြောင်းဆိုင်ရာ အချက်အလက်များကို စုဆောင်းနိုင်ခြင်းကြောင့် သိပ္ပံနည်းကျသုတေသနထက် စစ်ရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် ပိုမိုအသုံးဝင်နိုင်ကြောင်း သုံးသပ်ထားကြသည်။

အင်ဒိုနီးရှားရေပိုင်နက်အတွင်း တရုတ်နိုင်ငံမှ ရေအောက်ဒရုန်းများ တွေ့ရှိရခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်များအတွင်းကလည်း ရီအော (Riau) ကျွန်းစုနှင့် ဆီလာယာ (Selayar) ကျွန်းစုအနီးတို့တွင် “Sea Wing” (Haiyi) အမည်ရှိ ရေအောက်အချက်အလက် စုဆောင်းသည့် ကိရိယာများကို အကြိမ်ကြိမ် တွေ့ရှိခဲ့ဖူးသည်။