BBC က ဝန်ထမ်း ၂၀၀၀ လျှော့မည်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်။

ကမ္ဘာ့ အကြီးဆုံး သတင်းဌာနကြီး တစ်ခု ဖြစ်သည့် ဗြိတိသျှ အသံလွှင့် ကော်ပိုရေးရှင်း BBC က နှစ်နှစ်အတွင်း နှစ်စဉ်အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်း (ပေါင် သန်း ၅၀၀) ကို ချွေတာရန်အတွက် ဝန်ထမ်းအင်အား ၂,၀၀၀ ခန့်ကို လျှော့ချသွားမည်ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။

BBC ၏ ယာယီညွှန်ကြားရေးမှူးချုပ် Rhodri Talfan Davies က ဝန်ထမ်းများနှင့် စကားပြောဆိုရာတွင် ယခုလူလျှော့မှုသည် ဆယ်စုနှစ်တစ်ခုကျော်အတွင်း အကြီးမားဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဓိကဖြတ်တောက်မှုများကို ၂၀၂၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် စတင်မည့် ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်သွားမည်ဖြစ်သည်။

ငွေဖောင်းပွမှု၊ လိုင်စင်ကြေးနှင့် လုပ်ငန်းဝင်ငွေများအပေါ် ဖိအားသက်ရောက်မှု၊ နှင့် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများကြောင့် ယခု ကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ 

လာမည့်လတွင် Google အမှုဆောင်ဟောင်း Matt Brittin က BBC ၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ယူမည်ဖြစ်သည်။

ယခင်ညွှန်ကြားရေးမှူးချုပ် Tim Davie နှင့် သတင်းဌာနအကြီးအကဲ Deborah Turness တို့သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် မိန့်ခွန်းနှင့်ပတ်သက်သော မှတ်တမ်းတင်ရုပ်ရှင်တွင် လွဲမှားစွာ တည်းဖြတ်မိသည့်ကိစ္စကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ကြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်က BBC ကို သိက္ခာချမှုဖြင့် ဒေါ်လာ ၁၀ ဘီလီယံ လျော်ကြေးတောင်းကာ တရားစွဲဆိုထားသည်။

လက်ရှိတွင် BBC ကို ဗြိတိန်အိမ်ထောင်စုများထံမှ တစ်နှစ်လျှင် ပေါင် ၁၈၀ ကောက်ခံသည့် “လိုင်စင်ကြေး” (License Fee) ဖြင့် လည်ပတ်နေခြင်းဖြစ်သည်။

သို့သော် Streaming ဝန်ဆောင်မှုများ ခေတ်စားလာသည့်အတွက် ဤကဲ့သို့ လိုင်စင်ကြေးကောက်ခံ သည့်စနစ်ကို ကန့်ကွက်သူများ များပြားလာသည်။ 

ဘီဘီစီ၏ မြန်မာ ဌာနအပါအဝင် ဘာသာစကား ဌာနခွဲများကမူ ဗြိတိန် အစိုးရ နိုင်ငံခြားရေး ဌာန၏ ရန်ပုံငွေ ထောက်ပံ့မှုကို ရရှိကြသည်။ 

လူအင်အားလျော့ချမှုတွင် မည်သည့် ဌာနမှ မည်သည့် ဝန်ထမ်းများကို လျှော့ချမည်ကို ကြေညာခြင်း မရှိသေးသကဲ့သို့ မြန်မာအပါအဝင် ဘာသာစကား ဝန်ဆောင်မှုများ Language Services ပါဝင်မှု ရှိမရှိကို မသိရသေးပါ။ 

လက်ရှိ ဗြိတိန်လေဘာအစိုးရက BBC အတွက် မျှတပြီး ရေရှည်တည်တံ့သော ရန်ပုံငွေစနစ်ဖြစ်စေရန် ကတိပြုထားသော်လည်း လိုင်စင်ကြေးအစား အခြားပုံစံဖြင့် အစားထိုးရန် စဉ်းစားနေသည်။

၁၉၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော BBC သည် လက်ရှိတွင် ဗြိတိန်ပြည်တွင်းနှင့် ဒေသတွင်း ရုပ်သံလိုင်း ၁၅ လိုင်း၊ ရေဒီယိုအသံလွှင့်ဌာနများစွာနှင့် ကမ္ဘာကျော် World Service အပါအဝင် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကိုပါ လုပ်ဆောင်လျက်ရှိသည်။