ဟုမ္မလင်းတွင် ဆီတင် မော်တော်ပေါ် ပေါက်ကွဲမှုဖြစ်၊ ၂ ဦးသေ ၁၀ ဦးထက်မနည်း ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ နောင်ပကျစ် (မြို့မဘုန်းကြီးကျောင်း) ဆိပ်ကမ်းတွင် ဆီတင်မော်တော်များ ကုန်တင်ကားပေါ်သို့ ဆီတင် နေစဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့၊ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် မုံရွာဘက်မှ ရောက်ရှိလာသည့် ကုန်တင်ယာဉ်ပေါ် သို့ ဆီများ တင်ရာမှ အပူလွန်ကဲကာ စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ ဘေးနားရှိ ဆီတင်နှင့် လူတင်မော်တော် ၂၂ စီးအပြင် ကုန်တင်ကား ၂ စီးပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသည့် ဒေသခံတစ်ဦးက “ပေါက်ကွဲသံကတော့ တကယ်ကို ကျယ်တာဗျ။ ဆီတင်မော်တော်တွေဆိုတော့ တစ်စီးပြီးတစ်စီး ဆင့်ကာဆင့်ကာ ပေါက်ကွဲပြီး မီးက ဟုန်းခနဲ တက်သွားတာပဲ” ဟု ပြောသည်။
ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းထိ မီးဆက်လောင်ကျွမ်းနေဆဲ ဖြစ်သည်ဟု အဆိုပါ ဒေသခံက ဆက် ပြော သည်။
“မီးကလည်း ဆက်တိုက်လောင်နေတာ။ ဘယ်လိုမှ ငြိမ်းမရဘူး။ ညနေကစလောင်တာ ဒီနေ့ (၂၁ ရက်) မနက် အထိတောင် လှေ ၆ စီးလောက်က မီးမငြိမ်းသေးဘူး။ လူနာတွေ ထဲမှာလည်း မီးလောင်ဒဏ်ရာ ပြင်းတဲ့ သူတွေ ရှိတော့ သေဆုံးတဲ့သူ ဒီထက်တိုးလာမှာကို စိုးရိမ်နေရတယ်” ဟု ပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် ဟုမ္မလင်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် ၄ စီးနှင့် သန္ဓေ၊ အရန်မီးသတ် တပ်ဖွဲ့ ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။
ယနေ့နံနက်ပိုင်းအထိ ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်သေဆုံးသူ အရေအတွက်ကို တာဝန်ရှိသူများက ဆက်လက် စိစစ်နေဆဲ ဖြစ်သည်။
မီးလောင်မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် အခြားဒေသခံတစ်ဦးကလည်း “ဆိပ်ကမ်းက မော်တော်တွေအကုန် ပြာကျကုန်တာ။ မုံရွာကနေ ခန္တီးဘက်တက်မယ့် ကုန်တွေလည်း အကုန်ပါသွားပြီ။ ဟုမ္မလင်းနားမှာ ပြီးခဲ့တဲ့ လကလည်း ဆီတင် ဖလပ်ယာဉ် ၃ စီး လောင်ဖူးတယ်။ အဲဒီတုန်းက တစ်ပတ်လောက်ကြာမှ မီးငြိမ်းတာ။ အခုလည်း ဆီတင်မော်တော်တွေဆိုတော့ မီးသတ်ရတာ တော်တော်ခက်ခဲနေပုံရတယ်” ဟု ပြောသည်။
လက်ရှိတွင် မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူများကို ဟုမ္မလင်းဆေးရုံသို့ ပို့ဆောင်ကုသပေးထားပြီး၊ ဆိပ်ကမ်း တစ်လျှောက်တွင်လည်း ပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကာ ဒေသခံအချို့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရသည်။