ကိုရင်ငယ်ကို အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့သည့် ကျောင်းထိုင်ဘုန်းကြီးအား ဖမ်းဆီး အမှုဖွင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်။
ကိုရင်ငယ်ကို အချက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ရိုက်နှက်သည့် ရုပ်သံ လူမှု ကွန်ရက်တွင် ပြန့်နှံ့သွားပြီးနောက် ရိုက်နှက်သည့် ကျောင်းထိုင်ဘုန်းကြီးကို သာသနာရေးဆိုင်ရာ စည်းကမ်းများအရ လူဝတ် လဲစေပြီးနောက် ထောင်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မများဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်သည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ပဋိပတ္တိတောရကျောင်းတွင် ကျောင်းထိုင် ဘုန်းကြီးဖြစ်သူ ဦးတေဇက ကိုရင်ငယ်ကို အချက်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရိုက်နှက်မှု ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားခဲ့ပြီးနောက် ဒေသခံ ပြည်သူများနှင့် ဘာသာရေးအသိုင်းအဝိုင်းအတွင်း ပြင်းထန်သော ဝေဖန်မှုများနှင့် စိုးရိမ်တုန်လှုပ်မှုများ မြင့်တက် ခဲ့ခြင်း ဖြစ်သည်။
ထိုကိစ္စနှင့် ပတ်သက်၍ အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ဆရာတော် ဦးသုနန္ဒက “ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းမှာ သာသနာရေးဦးစီးဌာနရယ်၊ ထွေ/အုပ်နဲ့ ရဲတွေက ကျောင်းထိုင်ဘုန်းကြီး ဦးတေဇကို ခေါ်ယူ စစ် ဆေးပါတယ်။ ပြီးတော့ ညနေပိုင်းမှာ လူဝတ်လဲပြီး ရာဇသတ်ကြီးပုဒ်မ ၂၉၅-က နဲ့ အရေးယူ ဆောင်ရွက် ထားပါတယ်” ဟု မိန့်ကြားသည်။
လက်ရှိတွင် ရာဇသတ်ကြီးပုဒ်မ ၂၉၅-က ဖြစ်သော ကိုးကွယ်သည့် ဘာသာသာသနာ သို့မဟုတ် ဘာသာရေး ယုံကြည်မှုကို စော်ကားခြင်းဖြင့် ဘာသာရေးစိတ်ဓာတ်ကို နာကျင်စေရန် မသမာစိတ်ဖြင့် ကျူးလွန်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
အဆိုပါ ပုဒ်မသည် အာမခံမရနိုင်သလို ကျေအေးခွင့်လည်းမရှိဘဲ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်သည်။
ထို့ပြင် ထောင်ဒဏ်တစ်မျိုးမျိုးကို ဖြစ်စေ၊ ငွေဒဏ်ကို ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးကို ဖြစ်စေ ချမှတ်နိုင်သော ပုဒ်မလည်း ဖြစ်သည်။
ကျောင်းထိုင်ဘုန်းကြီး ဦးတေဇ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများရရှိခဲ့သည့် ကိုရင်ငယ်မှာမူ လတ်တလောတွင် ဆေးရုံ၌ ကုသမှုခံယူနေရပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိသော်လည်း ရရှိထားသည့် ဒဏ်ရာများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။
လတ်တလောတွင် အဆိုပါ ဖြစ်ရပ်ကြောင့် မြိတ်မြို့နယ်အတွင်းရှိ အခြားသော ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများနှင့် ဘုန်းကြီးကျောင်းများတွင်လည်း သာသနာရေးဆိုင်ရာ ကြီးကြပ်မှုများ ပိုမိုတင်းကျပ်လာ နိုင်ကြောင်း မြိတ်မြို့ခံ အချို့က ပြောဆိုနေကြသည်။