တရုတ်၏ ဒုတိယအကြီးဆုံး ချစ်ပ်ကုမ္ပဏီ Hua Hong အား အမေရိကန်က ပိတ်ဆို့

သတင်းနှင့် မီဒိယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်။ 

တရုတ်နိုင်ငံ၏ ဉာဏ်ရည်တု (AI) နည်းပညာ တိုးတက်လာမှုကို ဟန့်တားရန်အတွက် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တရုတ်၏ ဒုတိယအကြီးဆုံး ချစ်ပ်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော Hua Hong ဆီသို့ စက်ပစ္စည်းများ တင်ပို့ခြင်းမပြုရန် အမေရိကန်ကုမ္ပဏီများကို ပြီးခဲ့သည့်အပတ်က ညွှန်ကြားခဲ့သည်။

Hua Hong လက်အောက်ခံ Huali Microelectronics သည် အဆင့်မြင့် ၇ နာနိုမီတာ (7-nm) ချစ်ပ်ပြားများ ထုတ်လုပ်ရန် ပြင်ဆင်နေသည့်အပေါ် အမေရိကန်က အမျိုးသားလုံခြုံရေးအရ စိုးရိမ်ခြင်းဖြစ်သည်။

အမေရိကန်၏ ပိတ်ဆို့မှုခံထားရသော Huawei ကုမ္ပဏီသည် ၎င်းတို့၏ AI ချစ်ပ်များ ထုတ်လုပ်ရန် Hua Hong နှင့် ပူးပေါင်းနေသည်ဟု ယူဆချက်များကြောင့် ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်သည်။

ယခုပိတ်ဆို့မှုအရ Lam Research, Applied Materials နှင့် KLA စသည့် အမေရိကန်၏ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးများသည် ဒေါ်လာဘီလီယံနှင့်ချီသော အရောင်းအဝယ်များ ဆုံးရှုံးမှု ရှိမည်ဖြစ်သည်။ 

သို့သော်လည်း အမေရိကန်အစိုးရအနေဖြင့် တရုတ်၏ အဆင့်မြင့်နည်းပညာကဏ္ဍသို့ စက်ပစ္စည်းစီးဆင်းမှုကို အလျင်အမြန် ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။