တရုတ်အကြွေးဖြင့် ဆောက်လုပ်ထားသော လေဆိပ်ကြီးကို သီရိလင်္ကာ အစိုးရ ပြန်ရောင်းမည် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်။ 

သီရိလင်္ကာနိုင်ငံရှိ အရှုံးပေါ်နေသော “Mattala Rajapaksa” အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဝယ်ယူလိုသူများအား အစိုးရက ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။ 

သီရိလင်္ကာနိုင်ငံ တောင်ဘက်ကမ်းရိုးတန်းရှိ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အနီးတွင် တည်ရှိပြီး ပုံမှန်လေကြောင်းလိုင်းများ ဆင်းသက်ခြင်းမရှိသည့် ဆင်ဖြူတော် လေဆိပ်ဟု ခိုင်းနှိုင်းခေါ်ဝေါ်ကြသည့် Mattala Rajapaksa အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရင်းနှီးမြှုပ်နှံရန် အစိုးရက ဧပြီလ ၂၆ ရက် (တနင်္ဂနွေနေ့) တွင် တရားဝင် ဖိတ်ခေါ်လိုက်သည်။ 

ဆင်ဖြူတော် လေဆိပ် ဟု ခေါ်ဆိုရခြင်းမှာ ထိန်းသိမ်းစောင့်ရှောက်ရသည့် စရိတ် ကြီးမားလွန်းပြီး အကျိုးအမြတ် မရှိသည်ကို ဖော်ညွှန်းခြင်း ဖြစ်သည်။ 

ယခင်က အိန္ဒိယ-ရုရှား ဖက်စပ်ကုမ္ပဏီတစ်ခုနှင့် ချုပ်ဆိုရန် ပြင်ဆင်ခဲ့သည့် နှစ် ၃၀ ငှားရမ်းမှု သဘောတူညီချက် ပျက်ပြယ်သွားပြီးနောက် ယခုကဲ့သို့ ထပ်မံဖိတ်ခေါ်ခြင်းဖြစ်သည်။

ဤလေဆိပ်ကို တရုတ်နိုင်ငံထံမှ ချေးငွေရယူကာ သမ္မတဟောင်း Mahinda Rajapaksa လက်ထက်တွင် တည်ဆောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ 

သမ္မတဟောင်း Mahinda Rajapaksa လက်ထက်တွင် စီးပွားရေးအရ တွက်ခြေမကိုက်သည့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးများကို တရုတ်နိုင်ငံမှ ချေးငွေများဖြင့် လုပ်ကိုင် ခဲ့ပြီး တရုတ်တွင် အကြွေးများ အဆမတန် တင်ရှိနေခဲ့သည်။ 

ယင်း စီမံကိန်းများတွင် ကမ္ဘာ့ အမြင့်ဆုံး Lotus မျှော်စင် Hambantota ဆိပ်ကမ်းနှင့် ယခု  Mattala လေဆိပ်တို့ ပါဝင်ခဲ့သည်။
Mattala လေဆိပ်မှာ လည်ပတ်မှုစတင်ကတည်းက လျှပ်စစ်မီးဖိုး ပေးဆောင်ရန်ပင် လုံလောက်သော ဝင်ငွေမရရှိဘဲ နိုင်ငံတော်ဘဏ္ဍာကို နှစ်စဉ် ထိခိုက်စေခဲ့သည်။

လေဆိပ်သည် ငှက်များ ရွှေ့ပြောင်းသွားလာရာ လမ်းကြောင်းပေါ်တွင် တည်ရှိသဖြင့် လေယာဉ်နှင့် ငှက်များ တိုက်မိသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ 

ထို့ပြင် ပြေးလမ်းပေါ်သို့ ဆင်၊ တောကျွဲနှင့် သမင်များ ကျူးကျော်ဝင်ရောက်မှုကို တားဆီးရန် စစ်တပ်မှ အင်အားရာနှင့်ချီ အသုံးပြုကာ ရှင်းလင်းခဲ့ရသည့် သာဓကများလည်း ရှိခဲ့သည်။

သီရိလင်္ကာနိုင်ငံသည် တရုတ်နိုင်ငံထံမှ အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် အလွန်အကျွံ ချေးယူခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံရှိသော ပြည်ပကြွေးမြီများကို ပြန်မဆပ်နိုင်ဘဲ ဒေဝါလီခံခဲ့ရသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အကူအညီရယူပြီးနောက် အစိုးရသည် ရှုံးပေါ်နေသော နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ကြိုးပမ်းခဲ့သော်လည်း ယနေ့အထိ အောင်မြင်မှု မရရှိသေးပေ။

၂၀၁၇ ခုနှစ်တွင် တရုတ်ချေးငွေ မဆပ်နိုင်သည့်အတွက် လေဆိပ်အနီးရှိ Hambantota ဆိပ်ကမ်းကို တရုတ်ကုမ္ပဏီတစ်ခုအား နှစ် ၉၉ အငှားစာချုပ် ဖြင့် လွှဲပြောင်းပေးခဲ့ရဖူးသည်။

လက်ရှိတွင် ကုန်တင်လေယာဉ်အချို့နှင့် စင်းလုံးငှားလေယာဉ်အနည်းငယ်သာ ဆင်းသက်သဖြင့် လေဆိပ်ထိန်းသိမ်းခပင် မလုံလောက်ပဲ ရှိနေသည်။ 

သို့သော်လည်း၊ အစိုးရကမူ ဤလေဆိပ်သည် “ခရီးသွားကဏ္ဍသစ်နှင့် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများအတွက် အသုံးမချရသေးသော အလားအလာကောင်းများ” ရှိနေသည်ဟု ထုတ်ဖော်ပြောကြားကာ ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ထားသည်။