ကမ္ဘာ့ သတင်း လွတ်လပ်ခွင့် ၂၅ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်း 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်။ 

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း (World Press Freedom Index) အရ ကမ္ဘာတစ်ဝန်းက သတင်းလွတ်လပ်ခွင့်ဟာ ၂၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ထဲက ထက်ဝက်ကျော်ဟာ သတင်းလွတ်လပ်ခွင့် “ခက်ခဲ” (Difficult) ဒါမှမဟုတ် “အလွန်ဆိုးရွား” (Very Serious) တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ 

နိုင်ငံပေါင်း ၁၁၀ မှာ သတင်းသမားတွေကို နည်းမျိုးစုံနဲ့ ရာဇဝတ်သားလို ဖမ်းဆီးအရေးယူတာတွေ ရှိနေပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ ၂၀၂၃ အောက်တိုဘာကစပြီး သတင်းထောက်ပေါင်း ၂၂၀ ကျော် သတ်ဖြတ်ခံခဲ့ရတာကြောင့် အစ္စရေးစစ်တပ်ဟာ သတင်းသမားတွေကို အသေအပျောက်အများဆုံးဖြစ်စေတဲ့ လက်သည်လို့ ဖော်ပြထားပါတယ်။

သတင်းလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံတွေထဲမှာ နော်ဝေ၊ နယ်သာလန်နဲ့ အက်စ်တိုးနီးယားတို့က ထိပ်ဆုံးမှာ ရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ သမ္မတ ဒေါ်နယ်ထရန့် လက်ထက်မှာ သတင်းမီဒီယာတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် အဆင့် ၆၄ (Problematic အဆင့်) ကို ၇ ဆင့် လျောကျသွားပါတယ်။

ရုရှား (၁၇၂) နဲ့ အီရန် (၁၇၇) တို့ဟာ သတင်းသမားတွေအတွက် အန္တရာယ်အရှိဆုံး နိုင်ငံ ၁၀ ခုစာရင်းမှာ ပါဝင်နေပါတယ်။

RSF ရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေနဲ့ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဟာ အလွန်ဆိုးရွား” (Very Serious) တဲ့ အနီရောင်အဆင့် နယ်ပယ်ထဲမှာ ရှိနေဆဲဖြစ်ပါတယ်။ အညွန်းကိန်းအရ နိင်ငံပေါင်း ၁၇၉ နိုင်ငံမှာ နံပါတ် ၁၆၆ မှာ ရှိနေပါတယ်။ 

မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံတွေထဲမှာ အမြဲတမ်း ပါဝင်နေပြီး ရုရှား၊ အီရန်၊ မြောက်ကိုရီးယားတို့နဲ့အတူ ဇယားရဲ့ အောက်ခြေနားမှာ ရှိနေပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာ၊ သတင်းဌာနလိုင်စင်တွေ ပိတ်သိမ်းတာနဲ့ သတင်းထောက်တွေ စစ်ပွဲအတွင်း သေဆုံးတာတွေကြောင့် မြန်မာနိုင်ငံဟာ သတင်းသမားတွေအတွက် ဒုတိယမြောက် အကျဉ်းထောင်သဖွယ် ဖြစ်နေတယ်လို့ RSF က အမြဲတမ်း ထောက်ပြလေ့ရှိပါတယ်။