KNU နယ်မြေအတွင်း ဧက ၄ သိန်းကျယ်သော သဘာဝ နယ်မြေ ဖော်ထုတ်ကြေညာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်။
KNU တပ်မဟာ ၄ နယ်မြေတွင် ဒေသခံများက ဌာနေတိုင်းရင်းသား လူမျိုးစု ထိန်းသိမ်းနယ်မြေ ဟုခေါ်သည့် ဧက ၄ သိန်းခန့်ရှိသော သဘာဝ နယ်မြေတစ်ခုကို ဖော်ထုတ်လိုက်သည်၊ ။
KNU ကရင့်အမျိုးသား အစည်းအရုံး မြိတ်-ထားဝယ်ခရိုင်အတွင်း သရက်ချောင်းမြို့နယ်အတွင်းမှ ဌာနေတိုင်းရင်းသားများ၏ ထုံးတမ်းစဉ်လာနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် ‘ပေါခလိုး ဌာနေတိုင်းရင်းသား လူမျိုးစုတို့ ထိန်းသိမ်းနယ်မြေ’ ကို တရားဝင် အတည်ပြု သတ်မှတ်လိုက်ကြောင်း ပေါခလိုးဌာနေလူမျိုးစုများက ထုတ်ပြန်လိုက်သည်။
အဆိုပါ ထိန်းသိမ်းနယ်မြေသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်း (ကစယ်ဒို) မြို့နယ်တွင် တည်ရှိပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။
စုစုပေါင်း ဧက ၃၅၈,၄၉၃ (၁.၄၅၁ စတုရန်းကီလိုမီတာခန့်) ကျယ်ဝန်းကာ ကျေးရွာပေါင်း ၂၄ ရွာမှ လူဦးရေ ၁၁,၅၀၀ ကျော်၏ လူနေမှုဘဝနှင့် ယဉ်ကျေးမှုများကို လွှမ်းခြုံထားသည်။
နယ်မြေဖော်ဆောင်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ KNU တပ်မဟာ ၄ အတွင်းရေးမှူး ပဒိုစောအယ်နားက “အဓိက ဖော်ပြချင်တာက ကျနော်တို့ ဘိုးဘေးမိဘတွေရဲ့ နယ်မြေဒေသတွေကို အတင်းအဓမ္မလာရောက် လုယူ တာကို ရပ်တန့်ရမယ်။ သယံဇာတ ခိုးယူမှုတွေကို ရပ်တန့်ရမယ်။ ကျနော်တို့ ဘိုးဘေးမိဘတွေ ထိန်းသိမ်းခဲ့ကြ တဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို နိုင်ငံတကာနဲ့ ငွေကြေးချမ်းသာသူတွေ၊ တိုင်းပြည်ကို အုပ်ချုပ်သူ တွေက လက်ခံအသိအမှတ်ပြုရမယ်” ဟု ပြောသည်။
ယခုနယ်မြေ သတ်မှတ်နိုင်ခြင်းသည် ကုလသမဂ္ဂ၏ ၂၀၃၀ အရောက်တွင် ကမ္ဘာ့မြေမျက်နှာပြင်၏ ၃၀ ရာခိုင်နှုန်း ကို သဘာဝနယ်မြေအဖြစ် ထိန်းသိမ်းရမည်ဆိုသည့် ပန်းတိုင်ကို များစွာအထောက်အကူပြုနိုင်ကြောင်း ကရင် သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက် (KESAN) မှ ဒါရိုက်တာ စောပေါလ်စိန်ထွား က ပြောသည်။
စောပေါလ်စိန်ထွားက “ကျနော်တို့ ထိန်းသိမ်းကာကွယ်မယ်လို့ သတ်မှတ်ထားတဲ့ အကျယ်အဝန်းက ဧက လေးသိန်းနီးနီးလောက် ရှိတယ်။ ဒီအကျယ်အဝန်းဟာ ကမ္ဘာ့ကုသလမဂ္ဂက ချမှတ်ထားတဲ့ ကမ္ဘာမြေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ စိမ်းလန်းစိုပြည်တဲ့ သစ်တောကြီးတွေ ၃၀ ရာခိုင်နှုန်း ရှိရမယ်ဆိုတာကို အများကြီး အထောက်အပံ့ ဖြစ်စေတယ်။ ဒါက လူသားတွေအတွက် သတင်းကောင်းဖြစ်သလို တိရစ္ဆာန်တွေအတွက်လည်း ဖြစ်တယ်” ဟု ပြောသည်။
ပေါခလိုးဒေသသည် ဆယ်စုနှစ်များစွာ မြေယာသိမ်းပိုက်မှုနှင့် စစ်ရေးလှုပ်ရှားမှုဒဏ်များကို ခံစားခဲ့ရပြီး ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အလုံးအရင်းနှင့် ဝင်ရောက်လာသည့် ပျက်စီးမှုများသော စီမံကိန်း များကို တုံ့ပြန်ရန် ယခုကဲ့သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။
ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပတ်သက်၍ ပဒိုစောအယ်နားက “ဒီဒေသဟာ ကျနော်တို့ တိုင်းပြည်ဖြစ်တယ်။ ဒီဒေသ ဟာ ကျနော်တို့ အိပ်ရာ ဖြစ်တယ်။ ကျနော်တို့ ဇာတိချက်ကြွေတဲ့နေရာ ဖြစ်တယ်။ ဆိုတော့ ကျနော်တို့ဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်အတိုင်း ဒီဒေသကို ကျနော်တို့ အုပ်ချုပ်သွားမှာ ဖြစ်တယ်။ ဘိုးဘေးဘီဘင် အဆက် ဆက်က ထိန်းသိမ်းလာခဲ့တဲ့ ဒီဒေသကို ကျနော်တို့ ဆက်ပြီး ထိန်းသိမ်းပြီး အုပ်ချုပ် သွားမှာ ဖြစ်တယ်လို့ ပြောချင်တယ်” ဟု ဆက်ပြောသည်။
ပေါခလိုးဒေသသည် သက်ရှိ နယ်မြေတစ်ခုဖြစ်ပြီး ဒေသခံ ဌာနေလူမျိုးစုများမှ မျိုးဆက် အဆက်ဆက် စီမံ အုပ်ချုပ်လာသည့် နယ်မြေဒေသဖြစ်သည်ဟု ပေါခလိုး ဌာနေတိုင်းရင်းသားလူမျိုးစုများက ဆိုသည်။
ပေါခလိုးဌာနေ တိုင်းရင်းသား လူမျိုးစုတို့ ထိန်းသိမ်းနယ်မြေသည် ပြင်ပမှ ဝင်ရောက်စွတ်ဖက်မှုများကို လက်ခံ မည် မဟုတ်ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အုပ်ချုပ်ရေးစနစ်ကို အခြေခံထားသည်ဟု ပဒိုစောအယ်နားက ပြော သည်။
ယခု ပေါခလိုးနယ်မြေသည် KNU နယ်မြေအတွင်း တတိယမြောက် အတည်ပြုသည့် ဌာနေထိန်းသိမ်းနယ်မြေ ဖြစ်သည်။ ယခင်က ၂၀၁၉ ခုနှစ်တွင် တပ်မဟာ ၅ ၌ သံလွင်ငြိမ်းချမ်းရေးဥယျာဉ်နှင့် ၂၀၂၄ ခုနှစ်တွင် တပ်မဟာ ၂ ၌ သောသီတောအူ ဥယျာဉ်တို့ကို အတည်ပြုခဲ့ပြီးဖြစ်သည်။
ကော်သူးလေ ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းကလည်း အခြားနယ်မြေများတွင်လည်း ဆက်လက် အကောင်အထည်ဖော်သွားရန် ရှိကြောင်း အသိပေးပြောဆိုထားသည်။