ဖားဆောင်းလမ်းပိုင်းများ ၂ လကြာအထိ စစ်တပ် မဖွင့်နိုင်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်။ 

ကရင်နီပြည်၊ ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်၍ လမ်းပိုင်းများအားလုံး မကြာမီပြန်ဖွင့်မည်ဟု စစ်တပ်က ကြေညာခဲ့သော်လည်း နှစ်လကျော်ကြာမြင့်လာသည့် တိုင်အောင် ဖွင့်လှစ်နိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲ များ ဆက်လက်ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

စစ်တပ်သည် ၂၀၂၆ ခုနှစ်ဆန်းပိုင်းတွင် ဖားဆောင်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ပြီးနောက်၊ လွိုင်ကော်-ဖားဆောင်း လမ်းတစ်ခုလုံးကို ပြန်လည်ဖွင့်လှစ်တော့မည်ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

သို့သော် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် လက်ရှိအချိန်ထိ ထိုလမ်းပိုင်းအား ဖွင့်လှစ်ရန် ခက်ခဲနေဆဲဖြစ်သည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက စခ(စစ်တပ်) ဘက် ကတော့ လမ်းပြန်ဖွင့်ဖို့ ကြိုးစားနေတာတွေရှိတယ်၊ ဒါပေမဲ့ ကျနော်တို့ဘက်ကတော့ ပြန်လည်ထိန်းချုပ်ဖို့ အလူးအလဲ ကြိုးစားနေကြတော့ လမ်းဖွင့်ဖို့ ခက်ခဲလိမ့်မယ် ဟု ပြောသည်။

ဖေဖော်ဝါရီလလယ်မှ ဧပြီလ ၂၉ ရက်နေ့ အတွင်း ဖရူဆို–ဘောလခဲ-ဖားဆောင်း လမ်းပိုင်းရှိ စစ်တပ်ယာဉ်တန်း များကို KNDF နှင့် ပူးပေါင်းတပ်ဖွဲ့များက အနည်းဆုံး (၁၀) ကြိမ်ထက်မနည်း ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ 

ဧပြီလ ၂၆ ရက်ကလည်း ဒီးမော့ဆို – ဖရူဆို လမ်းပိုင်းဖြစ်သည့် ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာဘက်မှ ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကြောင်း သည် တော်လှန်ရေးတပ်ဖွဲ့များ၏ ခုခံမှုကြောင့် နောက်တစ်နေ့တွင် ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

လက်ရှိဖြစ်ပေါ်နေသည့် တိုက်ပွဲများနှင့် လမ်းပိုင်းများ ပိတ်ထားရမှုကြောင့်လည်း ဒေသခံပြည်သူများမှာ ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ 

မြေပြင်အခြေအနေသိသူတစ်ဦးက လမ်းပိတ်သွားတော့ အထူးသဖြင့် အရှေ့ခြမ်းကလူတွေက အနောက်ခြမ်း ကို ကူးလို့မရတော့ဘူး။ ကုန်ပစ္စည်းတွေအစ ကျန်းမာရေးကိစ္စအဆုံး အနောက်ခြမ်းမှာပဲ ပိုစုံတော့ အဲ့ဒီ အခက် အခဲ ရှိသွားတယ်။ အရမ်းအရေး ပေါ်ဆိုရင်တော့ ရဲဘော်တွေက လမ်းရှင်းပြီး လူထုကို ပို့ပေးတယ်၊ ဒါပေမဲ့ အန္တရာယ်အရမ်းများတယ် ဟု ပြောသည်။

၎င်းက ဆက်လက်၍ ဗမာစစ်တပ်က တောင်ပေါ်မှာဆိုတော့ လှမ်းမြင်ရတော့ ၉၇ တွေနဲ့ လှမ်းလှမ်းထုတာ။ အရပ်သားတွေကလည်း တောင်းဆိုတော့ ရှေ့ကင်းက ရဲဘော်တွေက လမ်းရှင်းပြီး ကာပေးပြီး ကူးကြတာ မျိုးပေါ့။ ဒါမယ့် အန္တရာယ်အရမ်းများတယ်။ ထိကြတယ် ရဲဘော်တွေ။ အခုတော့ မဖြစ်မနေမှ ကူးပေးတော့ တာမျိုးပေါ့နော် ဟု ဆက်ပြောသည်။

၉၇ ဆိုသည်မှာ ၉၇ အမျိုးအစား အမြှောက် လက်နက်ကြီးကို ဆိုလိုသည်။ 

လက်ရှိတွင် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်ရှိ ကျေးရွာများစွာမှ ပြည်သူများမှာ ရွာလုံးကျွတ် စစ်ဘေး ရှောင်နေရဆဲဖြစ်ပြီး ကုန်သွယ်ရေးနှင့် ခရီးသွားလာမှုများလည်း ရပ်တန့်နေသည်။ 

ထို့အပြင် စစ်တပ်သည် ဖားဆောင်းမှ တစ်ဆင့် ခဲသတ္တုထွက်ရှိရာ မော်ချီးဒေသသို့ ဆက်လက် စစ်ကြောင်း ထိုးရန် ပြင်ဆင်နေသဖြင့် ပြည်သူများအနေဖြင့် စစ်ရေးအသိ သတိဖြင့် နေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များ က သတိပေးနှိုးဆော်ထားသည်။