၁၂ နှစ်အရွယ် လေးတန်းကျောင်းသား ဓါးဒဏ်ရာအများအပြားဖြင့် သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်။
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၂ နှစ် အရွယ် စတုတ္ထတန်းကျောင်းသား တစ်ဦးမှာ ဓားဒဏ်ရာအများအပြားဖြင့် အသတ်ခံထားရ သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မိကျောင်းလှောင်းရွာသစ်တွင် နေထိုင်သည့် မောင်ကျော်လင်းထွေး (၁၂ နှစ်) သည် ဧပြီလ ၂၈ ရက်နေ့၊ ညနေပိုင်းက နေအိမ်အနီးရှိ ချောင်းစပ်သို့ ငါးရှာရန် ထွက်ခွာသွားခဲ့သည်။
သို့သော် ညနေ ၆ နာရီခန့်အထိ ပြန်လည်ရောက်ရှိမလာသဖြင့် မိဘများနှင့် ရွာသားများက ဝိုင်းဝန်းရှာဖွေကြရာ တွင် ချောင်းစပ်၌ပင် ထိုးသွင်းဓားဒဏ်ရာများစွာဖြင့် သေဆုံးနေသည့် ကလေးငယ်၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “ကလေးရဲ့ ဝမ်းဗိုက်၊ လည်ပင်း၊ ကျောပြင်နဲ့ လက်တို့မှာ ဓားနဲ့ ထိုး သွင်းထားတဲ့ ဒဏ်ရာတွေ မနည်းဘူး၊ အချက် ၂၀ ဝန်းကျင်လောက်တောင် တွေ့ရတယ်။ စတုတ္ထတန်း ကျောင်း သား လူအေးလေးတစ်ယောက်ပါ၊ မိဘတွေကလည်း ချို့တဲ့တယ်၊ သနားစရာပါ။ ဘယ်သူက ဘယ်အငြိုးနဲ့ ဒီလောက်တောင် ရက်ရက်စက်စက် လုပ်တာလဲ ပြောမတတ်တော့ဘူး” ဟု ပြောသည်။
သေဆုံးသူ ကလေးငယ်၏ ရုပ်အလောင်းကို ကလိန်အောင်ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဧပြီလ ၂၉ ရက် နံနက်ပိုင်းတွင် နေအိမ်သို့ ပြန်လည်ယူဆောင်လာခဲ့ကြသည်။
လူသတ်မှု ဖြစ်ပွားပြီးနောက် ကလိန်အောင်မြို့မရဲစခန်းမှ တာဝန်ရှိသူများက အခင်းဖြစ်ပွားရာသို့ လာရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ အမှုဖွင့်လှစ်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ဒေသခံများကမူ အပြစ်မဲ့ ကလေးငယ်တစ်ဦးအပေါ် ယခုကဲ့သို့ အဆင်အခြင်မဲ့ လုပ်ရပ်မျိုး ကျူးလွန်ခဲ့သူကို ထိရောက်စွာ အရေးယူပေးရန် လိုလားနေကြသည်။
မိကျောင်းလှောင်းရွာသစ်သည် ကရင်၊ ထားဝယ်၊ မွန်နှင့် ဗမာ တိုင်းရင်းသားများ စုပေါင်းနေထိုင်သည့် ကျေးရွာ တစ်ရွာဖြစ်ပြီး ရေး-ထားဝယ် ကားလမ်းမကြီးဘေးတွင် တည်ရှိသော ကျေးရွာတစ်ရွာ ဖြစ်သည်။