မလေးရှားနိုင်ငံခြားရေးဝန်ကြီး အလုပ်ခရီးစဉ်အဖြစ် နေပြည်တော်သွား 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၀ ရက်။ 

နေပြည်တော်ခရီးစဉ်အပြီး မလေးရှားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် (Mohamad Hasan) က မြန်မာအာဏာပိုင်များနှင့် အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာ့အရေးတွင် အပြုသဘောဆောင်သည့် တိုးတက်မှုများ ရှိနေကြောင်း မနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေး ဘုံသဘောတူညီချက် (၅) ချက် မူဘောင်နှင့်အညီ အကြမ်းဖက်မှုများ ရပ်တန့်ရန် မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

ဝန်ကြီး မိုဟာမက် ဟာဆန်၏ ပြောကြားချက်အရ နေပြည်တော်၌ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံစဉ်အတွင်း မြန်မာဘက်က ပိုမိုပွင့်လင်းသည့် အနေအထားရှိသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အစည်းအားလုံး တစ်စားပွဲတည်း၌ ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ထုတ်ဖော်ပြသခဲ့သည်ဟု ဆိုသည်။

အဆိုပါ အခြေအနေသည် အာဆီယံအတွက် အလွန်ကောင်းမွန်သည့် တိုးတက်မှုအသစ်တစ်ခု ဖြစ်ကြောင်း ဝန်ကြီးက သတ်မှတ်လိုက်သည်။

ဤခရီးစဉ်သည် မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ၊ စီဗူးမြို့၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံအတွက် ချဉ်းကပ်မှုလမ်းကြောင်းသစ်တစ်ရပ် ဖော်ဆောင်နိုင်ရန် မြေပြင်အခြေအနေကို သွားရောက်ဆန်းစစ်ခဲ့ခြင်းလည်း ဖြစ်သည်။ 

ဤခရီးစဉ်သည် ချစ်ကြည်ရင်းနှီးမှု အသိအမှတ်ပြုမှုများနှင့် သက်ဆိုင်ခြင်းမရှိဘဲ အလုပ်သဘော ခရီးစဉ်သာဖြစ်သည်ဟု သုံးနှုန်း ထားသည်။ 

သို့ရာတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် အကျဉ်းကျနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍မူ တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်း မရှိပေ။