ရက် ၁၀၀ စီမံချက်အတွင်း စစ်တပ်က ကချင်ရှိ မြေရှားသတ္တုဒေသများကို ထိုးစစ်ဆင်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်။

ကချင်ပြည်အတွင်း စစ်တပ်က လက်လွတ်ဆုံးရှုံးထားရသည့် မြေရှားသတ္တုထွက်ရှိရာ ဒေသများနှင့် စစ်ရေး ဗျူဟာအရ အချက်အချာကျသည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်ရန်အတွက် ယခင်ကထက် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) က ပြောသည်။

ဦးမင်းအောင်လှိုင် သမ္မတဖြစ်လာပြီးနောက်ပိုင်း စစ်တပ်၏ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သစ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး လက်ထက်တွင် ‘ရက် ၁၀၀ စီမံချက်’ ချမှတ်ကာ ကချင်ပြည်အတွင်းရှိ မြို့နယ် ၅ ခုထက် မနည်းကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုသည်။

ဗိုလ်မှူးကြီး နော်ဘူက သူပြောတာကတော့ နေ့ပေါင်း ၁၀၀ မှာ စစ်ဆင်ရေး လုပ်မယ်ဆိုတာ ကြေညာပြီးသား ဖြစ်ပါတယ်။ သူတို့ ကချင်ပြည်နယ်မှာ ဆွမ်ပရာဘွမ်မြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ချီဖွေ၊ ဆော့လော်မြို့နယ်၊ ဒီရွှေကူမြို့နယ် ၅ မြို့နယ်မှာ သူက စစ်ဆင်ရေး လုပ်မယ်ဆိုပြီးမှ တရားဝင်ကြေညာထားတာ ရှိပါတယ်။ အခု အကောင်အထည်ဖော်ပြီးမှ တိုက်ပွဲတွေ ဖော်ဆောင်တာ ထိုးစစ်ဆင်တာ ဖြစ်မယ်လို့ သုံးသပ်ပါတယ် ဟု ပြော သည်။

လက်ရှိတွင် ဖားကန့်၊ ဗန်းမော်၊ ဝိုင်းမော်၊ ရွှေကူ၊ ကချင်-စစ်ကိုင်းအစပ်နှင့် မြစ်ကြီးနား-မန္တလေး ပြည်ထောင်စု လမ်းမကြီးတစ်လျှောက်တွင် မြေပြင်တိုက်ပွဲများနှင့် လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများ နေ့စဉ် ရှိနေကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

မြေပြင်စစ်ရေးအခြေအနေနှင့် ပတ်သက်၍လည်း ဗိုလ်မှူးကြီး နော်ဘူက ပထမအနေနဲ့ ရွှေကူမြို့နယ်ဖက်မှာ ပေါ့နော်။ အဲဒီနေရာမှာလည်း နေ့တိုင်းလို တိုက်ပွဲ ဖြစ်ပါတယ်။ နောက်ဖားကန့်ဖက်မှာလည်း စစ်ကော်မရှင် ဖက်က ထိုးစစ်ဆင်လို့ တိုက်ပွဲတွေရှိပါတယ်။ ဒီတစ်ပတ် တိုက်ပွဲတွေမှာတော့ မြေပြင်တိုက်ပွဲတွေ မရှိဘူး။ ဒါပေမယ့် လက်နက်ကြီးတွေ ဒရုန်းနဲ့ ပစ်တာကတော့ နေ့တိုင်းရှိပါတယ်။ ဟိုစစ်ကိုင်းအစပ်နေရာမှာ ကသာ မော်လူး၊ မော်ဟန်၊ မြစ်ကြီးနား မန္တလေး လမ်းမကြီးတကြောလုံးမှာလည်း တိုက်ပွဲတွေ ရှိပါတယ်။ နောက် ဝိုင်း မော်၊ ဗန်းမော်နေရာမှာလည်း တိုက်ပွဲကတော့ ဆက်တိုက် ဆက်ရှိပါတယ်။ ဆိုတော့ ကချင်ပြည်နယ် တစ်ခုလုံး မှာ စစ်ရေး အခြေအနေကတော့ တင်းမာတဲ့ အနေအထား ဖြစ်ပါတယ် ဟု ပြောသည်။

စစ်တပ်သည် ၎င်းတို့ဆုံးရှုံးသွားသည့် စစ်ရေးအရ၊ စီးပွားရေးအရ၊ အရေးပါသော မြေရှားသတ္တုဒေသများကို ပြန်လည်ရယူရန် ရွှေကူ၊ မဘိမ်း၊ ထီးချိုင့််နှင့် မြတောင်ဒေသများတွင် စစ်အင်အား အလုံးအရင်း ဖြည့်တင်းနေ ခြင်း ဖြစ်သည်။

ထို့အပြင် တနိုင်းမြို့နယ်အတွင်း၌လည်း စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် စစ်ရေးတင်းမာမှုများ မြင့်တက်နေသည်။ 

ယခုကဲ့သို့ ပြည်နယ်တစ်ဝှမ်း တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးသတိ အပြည့်ရှိကြရန်နှင့် လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကို အထူးသတိပြုကြရန် KIO/KIA က နှိုးဆော်ထားသည်။