USA၊ ဂျပန်၊ အိန္ဒိယနှင့် ဩစတေးလျ တို့က မြန်မာပြည်တွင် အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်။ 

အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျ ၄ နိုင်ငံ ပါဝင်သော ကွတ်ဒ် (Quad) မဟာမိတ်အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုလိုက်ကြသည်။

လက်ရှိ မြန်မာ့အကျပ်အတည်းသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ဆိုးရွားစွာ ဖြစ်ပေါ်စေလျက်ရှိပြီး အင်ဒို-ပစိဖိတ် ဒေသတစ်ခုလုံး၏ တည်ငြိမ်မှုကိုပါ ပျက်ပြားစေကြောင်း အင်္ဂါနေ့က ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် အဆိုပါ အစည်းအဝေးသို့ အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

Quad နိုင်ငံခြားရေးဝန်ကြီးများသည် အာဆီယံ၏ မြန်မာ့အရေး ဘုံသဘောတူညီချက် (၅) ချက်ကို အပြည့်အဝ ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ 

ထို့ပြင် မြန်မာစစ်အုပ်စု အနေဖြင့် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အဟန့်အတားမရှိ ပေးအပ်ခွင့်ပြုရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့်အတူ စစ်မှန်သော ဆွေးနွေးပွဲများ စတင်လုပ်ဆောင်ရန် ပူးတွဲတောင်းဆိုခဲ့ကြသည်။

မဟာမိတ်အဖွဲ့ကြီးက ယခုကဲ့သို့ မြန်မာ့အရေးကို အလေးအနက်ထား သတိပေးလာခြင်းမှာ မြန်မာ့ပဋိပက္ခ၏ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်သည့် လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်လည်မှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုများသည် အရှေ့တောင်အာရှ နယ်စပ်များကို ဖြတ်ကျော်၍ ဒေသတွင်း လုံခြုံရေးကို ကြီးမားစွာ ခြိမ်းခြောက်လာနေသောကြောင့် ဖြစ်သည်ဟု  ဆိုသည်။