TNLA ထိန်းချုပ်ရာ နမ့်ခမ်း၌ ပေါက်ကွဲမှုကြီး ဖြစ်ပွားပြီး လူအများအပြား သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်။
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး၊ အနည်းဆုံး လူ ၂၀ ကျော် သေဆုံးကာ အယောက် ၇၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ယနေ့ (မေလ ၃၁ ရက်နေ့) မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သည့် အဆိုပါ ပေါက်ကွဲမှုအရှိန်မှာ ပြင်းထန် လွန်းသဖြင့် နမ့်ခမ်းတစ်မြို့လုံးသာမက တစ်ဖက်တရုတ်နိုင်ငံဘက်ခြမ်း အထိပါ ကျယ်ကျယ် လောင်လောင် ကြားရသည်ဟု ဒေသခံအချို့က ပြောသည်။
နမ့်ခမ်းမြို့မှာ တရုတ်နယ်စပ် နောင်တောင်း၏ တဘက်တွင် ရှိသော နယ်စပ်မြို့ဖြစ်သည်။
ပေါက်ကွဲမှုကြောင့် ကောင်းတပ်ကျေးရွာရှိ ကလေးငယ်များအပါအဝင် အရပ်သားပြည်သူများ ထိခိုက် သေဆုံးခဲ့ရသည့်အပြင်၊ ကျေးရွာအတွင်းရှိ လူနေအိမ်ခြေ ၁၀၀ ခန့် ပျက်စီးသွားခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက ဆိုသည်။
ကူညီကယ်ဆယ်ရေးလုပ်နေသည့် နမ့်ခမ်းမြို့ခံတစ်ဦးက “ထိခိုက်ဒဏ်ရာရတဲ့သူတွေက တော်တော်များတယ်၊ အခု နမ့်ခမ်းပြည်သူ့ဆေးရုံကြီးကို ပို့ထားပြီး လူနာတွေအတွက် အရေးပေါ်သွေး တော်တော်လိုနေပါတယ်၊ သွေးလှူနိုင်တဲ့သူတွေ အမြန်ဆုံး လာလှူပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။
ထို့ပြင် ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအတွင်း ပိတ်မိနေသူများလည်း ရှိနေသေးသဖြင့် ဒေသခံများနှင့် TNLA တပ်ဖွဲ့ဝင်များ စုပေါင်းကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေရဆဲ ဖြစ်သည်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းများအရ ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိ အဆောက် အအုံများနှင့် နေအိမ်များ ပြိုကျပျက်စီးနေသည်ကို တွေ့ရသည်ဟု ဆိုသည်။
ဒေသခံအချို့၏ ပြောပြချက်အရ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှာ တရုတ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီး မြှုပ်နှံထားသည့် သတ္တုတူးဖော်ရေးလုပ်ငန်းသုံး ယမ်းချက်စက်ရုံဖြစ်ကြောင်း သိရသော်လည်း၊ မြို့ခံအချို့ကမူ TNLA ၏ လက်နက်ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲခြင်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြပြီး အဆိုပါ အချက်အလက် အပေါ် သတင်းနှင့်မီဒီယာ ကွန်ရက် သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
နယ်စပ်ကုန်သည်တစ်ဦးကလည်း “ဘယ်အချိန်ကတည်းက ဘာကြောင့် စဖြစ်လဲတော့ အသေးစိတ် မသိရသေး ဘူး။ ပေါက်ကွဲသံကတော့ တရုတ်ဘက်ကပါ ကြားရလောက်အောင် အတော်လေးကျယ်တယ်။ ဒေသခံတွေက တော့ ယမ်းဂိုထောင် ပေါက်ကွဲတာလို့ ပြောနေကြတယ်၊ လူတွေလည်း တော်တော်လန့်ကုန်ကြတယ်” ဟု ပြောသည်။
ရှမ်းပြည် မြောက်ပိုင်းတွင် ယခုကဲ့သို့ ယမ်းချက်စက်ရုံ ပေါက်ကွဲမှုမျိုး ယခင်ကလည်း ဖြစ်ပွားခဲ့ဖူးပြီး၊ ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ကလည်း ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့၊ ယောင်းပန်းကျေးရွာရှိ တရုတ်နိုင်ငံသား ပိုင် ယမ်းချက်စက်ရုံတစ်ရုံ မီးလောင်ပေါက်ကွဲခဲ့ရာ လူ ၁၇၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ဖူးသည်။
ယနေ့ဖြစ်ပွားခဲ့သော ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲရသည့် အကြောင်း အရင်း၊ ထိခိုက်ပျက်စီးမှု အခြေအနေနှင့် အခြားဆက်စပ်အချက်အလက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစုံစမ်းစစ်ဆေးလျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တရားဝင် ထုတ်ပြန်ထားသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် အဆိုပါဖြစ်စဉ်အပေါ် မလိုအပ်ဘဲ စိုးရိမ်ထိတ်လန့်မှုများ မဖြစ်ကြရန်နှင့် လူမှုကွန်ရက်ပေါ်ရှိ အတည်မပြုနိုင်သေးသည့် ကောလာဟလ သတင်းအချက်အလက်များကို မျှဝေခြင်းမပြု ကြဘဲ တာဝန်ရှိသူများ၏ တရားဝင် ထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်ကြရန် TNLA က အသိပေး ထုတ်ပြန် ထားသည်။
ဓါတ်ပုံ – ရွှေဖီမြေ (SPM)၊ PSLF/TNLA