၁၆ နှစ်အောက် ကလေးများ လူမှုကွန်ရက် အသုံးပြုမှု မလေးရှား ပိတ်ပင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်။
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံသည် အသက် ၁၆ နှစ်အောက် ကလေးသူငယ်များ လူမှုကွန်ရက်ပလက်ဖောင်းများဖြစ်သော Facebook၊ Instagram၊ YouTube၊ Alphabet (Google) နှင့် TikTok တို့တွင် အကောင့်ဖွင့်လှစ် အသုံးပြုခြင်းကို တားမြစ်ပိတ်ပင်လိုက်ကြောင်း မလေးရှား ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာကော်မရှင် (MCMC) က ဇွန်လ ၁ ရက် (တနင်္လာနေ့) တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဤသည်မှာ အွန်လိုင်းပေါ်ရှိ အန္တရာယ်ရှိသော အကြောင်းအရာများမှ ကလေးသူငယ်များကို အကာအကွယ်ပေးရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်ဟု မလေး အစိုးရက ပြောသည်။
ယခု ထုတ်ပြန်ချက်အရ ဖေ့စ်ဘွတ်ခ် (Facebook)၊ အင်စတာဂရမ် (Instagram)၊ တစ်တော့ခ် (TikTok) နှင့် ယူကျုဘ် (YouTube) အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းများသည် အကောင့်အသစ်ဖွင့်လှစ်မည့်သူများ၏ အသက်သည် ၁၆ နှစ်ပြည့်၊ မပြည့်ဆိုသည်ကို အစိုးရက ထုတ်ပြန်ထားသည့် မှတ်ပုံတင် သို့မဟုတ် သက်သေခံအထောက်အထားများနှင့် တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်သည်။
ဤစည်းမျဉ်းကို လိုက်နာရန် ပျက်ကွက်သည့် လူမှုကွန်ရက်ကုမ္ပဏီများကို မလေးရှားရင်းဂစ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၂ သန်းခွဲခန့်) အထိ ဒဏ်ရိုက်အရေးယူသွားမည်ဟု ဆိုသည်။
လက်ရှိ အသုံးပြုနေဆဲ အကောင့်ဟောင်းများကိုလည်း အသက်မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးခြင်းကို လာမည့် ၆ လအတွင်း အပြီးသတ် လုပ်ဆောင်သွားရမည်ဖြစ်သည်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် ကလေးသူငယ်များကို အင်တာနက် သို့မဟုတ် နည်းပညာ အသုံးပြုခွင့် ပိတ်ပင်ခြင်းမဟုတ်ဘဲ၊ ကလေးသူငယ်များ အွန်လိုင်းပေါ်တွင် ဘေးကင်းလုံခြုံစေရန် မိဘအုပ်ထိန်းသူများနှင့် လူမှုကွန်ရက်ကုမ္ပဏီများဘက်မှ တာဝန်ယူမှု ပိုမိုရှိလာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း မလေးရှားအစိုးရက ပြောကြားထားသည်။