စစ်တပ်ဗုံးကြဲမှုကြောင့် ရခိုင်တွင် စစ်ရှောင် ၂ ဦး ထပ်မံသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်။
ရခိုင်ပြည်တွင် စစ်တပ်က စစ်ဘေးရှောင်များ ခိုလှုံရာနေရာများကို လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်နေ၍ ရမ်းဗြဲမြို့နယ်တွင် စစ်ဘေးရှောင် သက်ကြီးပိုင်း ၂ ဦး ထပ်မံသေဆုံးကာ ဒဏ်ရာရသူများပြားနေကြောင်း ဒေသခံ များနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်က ရမ်းဗြဲမြို့နယ် ပိန္နဲတောင်ခြေရင်းရှိ ကြောင်ချတွင်းကျေးရွာ က စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်း စစ်ဘေးရှောင် ၂ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံး သွားခဲ့ရပြီး ကလေးငယ်များ အပါအဝင် ၅ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ဗုံးကြဲခံရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ရမ်းဗြဲဒေသခံအမျိုးသားတစ်ဦးက “လေယာဉ်က ဗုံးမချခင် အစောပိုင်း မှာ ဒီမိနစ်အနည်းငယ်လောက် အပေါ်ကနေ ပတ်ပျံနေတာ။ ဒီနေရာက ဒေသခံတွေကော ကျောက်ဖြူဘက် ကပါ လာရှောင်နေတဲ့ စစ်ရှောင်တွေပဲ ရှိတဲ့ အရပ်သားနေရာမှန်း သူတို့သိသိကြီးနဲ့ တမင်သက်သက် ရည်ရွယ် ချက်ရှိရှိ လာကြဲသွားတာ။ အခုတော့ အကုန်လုံးက စိုးရိမ်နေတာတော့ရှိတယ်” ဟု ပြောသည်။
စစ်တပ်သည် အဆိုပါနေ့ နံနက် ၉ နာရီကျော်အချိန်ကလည်း တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာနှင့် ကင်းတောင်ကျေးရွာ အနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်များ ခိုလှုံရာနေရာများကို ဂျက်ဖိုက်တာ ၆ စီး၊ Y-12 ထောက်ပို့လေယာဉ် ၂ စီးတို့ဖြင့် လေယာဉ် အုပ်လိုက်ဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။
ဆားပြင်ကျေးရွာတကြောတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်အများစုမှာ ကျောက်ဖြူမြို့နယ်အတွင်းမှ ထွက် ပြေးတိမ်းရှောင်လာကြသူများ ဖြစ်သည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၂၈ ရက်ကလည်း ရမ်းဗြဲ-ကျောက်ဖြူအစပ် လမ်းပြုပြင်ရေး လုပ်ငန်းခွင်တစ်ခုကို စစ်တပ်က နာရီဝက်နီးပါးကြာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဘတ်ဟိုးယာဉ်မောင်းသူအပါအဝင် အရပ်သား ၃ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့သည်။
မေလ ၂၉ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ် ပေါက်ပြင်ကျေးရွာသို့ ရေတပ် စစ်သင်္ဘောပေါ်မှ လက်နက်ကြီး ဖြင့် လှမ်းပစ်ခတ်မှုကြောင့် အသက် ၂၅ နှစ်အရွယ် စစ်ရှောင်လူငယ် တစ်ဦး သေဆုံးခဲ့ရသည်။
မေလနှောင်းပိုင်း အတွင်း ကျောက်ဖြူမြို့နယ်ထဲက စနဲမြို့ထဲသို့ ဒရုန်းများ၊ လေယာဉ်များဖြင့် ဗုံးကြဲခြင်းကြောင့် လူနေအိမ် ၁၀၀ နီးပါး မီးလောင်ပြာကျကာ သက်ကြီးပိုင်းတစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် ဧပြီလနှင့် မေလ နှစ်လတာအတွင်း ရခိုင်ပြည်၏ မြို့နယ် ၉ မြို့နယ်၌ စစ်တပ်၏ တိုက်ခိုက် မှုများကြောင့် အရပ်သား သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရရှိသူ ၄၈ ဦး၊ စုစုပေါင်း ၅၇ ဦးအထိ ရှိခဲ့ကြောင်း ရခိုင်ပြည်အရေးပေါ် ကူညီကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ (ARE) ၏ ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုသို့ ထိခိုက်သေဆုံးသူများထဲတွင် ကလေးငယ်များနှင့် သံဃာတော်များလည်း ပါဝင်ကြောင်း အဆိုပါ ထုတ်ပြန် ချက်က ဆိုသည်။
လက်ရှိတွင် ကျောက်ဖြူနှင့် တောင်ကုတ်ဒေသခံများမှာ စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကြောင့် ဘေးလွတ်ရာ တောတောင်များအတွင်း၌ ထပ်မံခိုလှုံနေကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပြတ်လပ်နေ ကြောင်း မြို့ခံများက ဆိုသည်။