အာရှလမ်းတွင် ပြောင်းကားမှောက်၍ ယာဉ်မောင်း သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကြီး ပြန်လည်ပွင့်လှစ်ပြီးနောက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ကုန်တင်တွဲကားတစ်စီး တိမ်းမှောက်ကာ ယာဉ်မောင်းဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားကြောင်း ယာဉ်လိုင်းတာဝန်ရှိသူများနှင့် မြေပြင်ကူညီပေးသူများက ပြောသည်။

ကရင်ပြည်၊ မြဝတီမြို့နယ်၊ အာရှလမ်းမကြီး ရင်ကွဲတောင်အဆင်း မိုင်တိုင်အမှတ် ၁၆၄/၄ (ကွင်းကလေးကုန်း) နေရာတွင် ဇွန်လ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီအချိန်ခန့်က ထိုင်းနိုင်ငံသို့ ပို့ဆောင်မည့် ပြောင်းဖူးများ တင်ဆောင် လာသည့် တွဲကားတစ်စီး လမ်းချော်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မတော်တဆမှုအတွင်း ပါဝင်ကူညီခဲ့သူတစ်ဦးက မြေပြင်အခြေအနေကို ယခုကဲ့သို့ ပြောသည်။ ကားက ဝိတ်တအားများပြီး မှောက်တာ။ မိုးရွာတော့ လမ်းကချော်နေတော့ ပိုဆိုးတာပေါ့။ ကားသမားက ကားအောက် ဝင်သွားလို့ လူသုံးလေးယောက် မနည်းဆွဲထုတ်ရတယ်။ ပွဲချင်းပြီးပဲ။ 

သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ် ယာဉ်မောင်းအမျိုးသားတစ်ဦး ဖြစ်ပြီး၊ ၎င်း၏ရုပ်အလောင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့က မြဝတီပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါ ကူညီသူက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားကို စစ်အုပ်စုက ပြန်လည် ဖွင့်လှစ် ပေးခဲ့ပြီးနောက် နယ်စပ်ကုန်သွယ်ရေးယာဉ်များ ပြန်လည် ဖြတ်သန်းနေကြခြင်းဖြစ်သည်။ 

ရင်ကွဲတောင် စစ်ဆေးရေးဂိတ်များတွင် တန်ချိန်စစ်ဆေးမှုများ ရှိနေသော်လည်း၊ လမ်းခရီးတစ်လျှောက် ပျက်စီး နေသည့် တံတားဟောင်းနေရာများတွင် စနစ်တကျ စစ်ဆေးမှု လိုအပ်ချက်များ ရှိနေသေးကြောင်း ယာဉ်မောင်း များက ထောက်ပြကြသည်။

ကုန်တင်ယာဉ်မောင်းအချို့၏ ပြောပြချက်အရ နယ်စပ်လမ်းကြောင်း ပြန်ပွင့်ချိန်တွင် ခေါက်ရေတွက်ချေ ကိုက် စေရန် သတ်မှတ်ကုန်တန်ချိန် ၄၀ ထက် ပိုမိုတင်ဆောင်ကာ မောင်းနှင်ကြသဖြင့် ယခုကဲ့သို့ အန္တရာယ်နှင့် ရင်ဆိုင် ရခြင်းဖြစ်သည်ဟု ဆိုသည်။ 

ယာဉ်မောင်းတစ်ဦးက မိုးရာသီ လမ်းခရီး ဘေးအန္တရာယ်နှင့် ပတ်သက်၍ အခြားယာဉ်မောင်းများကို ယခုကဲ့သို့ သတိပေးနှိုးဆော်ထားသည်။

လမ်းပွင့်ပြီဆိုတော့ လောလောဆယ် ထောပတ်သီး၊ ကွမ်းသီး၊ နနွင်း၊ ကြက်သွန်တွေ ပို့ကြတယ်။ ပြောင်းက တော့ အများဆုံးပေါ့။ ဒီကာလ မိုးတွင်းဆိုတော့ သယ်ရပြုရလည်း မလွယ်ဘူး။ ကိုယ်လောဘကြီးပြီး သယ်ပြီး မှ ကားမှောက်ရင် အကုန်ဆုံးမယ်။ အခန့်မသင့်ရင် သေမယ်။ လောဘလျှော့ပြီး သတိထားကြပါလို့ ပြောချင် တယ်။ တစ်သက်လုံး လုပ်စားရမှာလေနော် ဟု ပြောသည်။

စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများကြောင့် နှစ်နှစ်ကျော်ကြာ ပိတ်ထားရသည့် ဒေါနတောင်ကျော် အာရှလမ်းမကြီးကို ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် တရားမဝင် ကုန်စည်ပပျောက်ရေး အကြောင်းပြချက်ဖြင့် စစ်တပ်က ၁၀ လကြာ ပိတ်ထားခဲ့သည့် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ကိုလည်း မေလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ 

လက်ရှိတွင် မြန်မာဘက်မှ စိုက်ပျိုးသီးနှံများနှင့် ဟင်းသီးဟင်းရွက်များ အဓိက တင်ပို့နေပြီး၊ ထိုင်းဘက်မှ စားသောက်ကုန်၊ လူသုံးကုန်နှင့် စက်မှုကုန်ကြမ်းပစ္စည်းများ ပြန်လည်ဝင်ရောက်လျက်ရှိသည်။

သို့သော်လည်း လက်ရှိအချိန်အထိ ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ကုန်သွယ်မှုလိုင်စင်ရရှိရန် ခက်ခဲခြင်း၊ လမ်းခရီးတွင် ရက်ပေါင်းများစွာ တန်းစီစောင့်ဆိုင်းရခြင်းများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ 

ထို့ပြင် အာရှလမ်းမကြီး တစ်လျှောက် စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သဖြင့် လုံခြုံရေးပိုင်းကို အထူး စိုးရိမ်နေရဆဲဖြစ်ကြောင်း နယ်စပ်ကုန်သည်ကြီးများနှင့် ယာဉ်မောင်းများက ပြောသည်။