ငြိမ်းချမ်းရေး ကမ်းလှမ်းမည်ဆိုသည်မှာ လိမ်ညာမှုသာဖြစ်ဟု တော်လှန်ရေးအဖွဲ့များပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်။

စစ်တပ်က တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမည်ဟု ထုတ်ဖော်ပြောဆိုထားသော်လည်း၊ လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တရားဝင်ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း တော်လှန်ရေးအဖွဲ့အစည်းအချို့က ဝေဖန်ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့များ၊ လက်မှတ်မထိုးရသေးသည့်အဖွဲ့များနှင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် အဖွဲ့များကိုပါ ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်မည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထံသို့ တစ်စုံတစ်ရာ ဆက်သွယ်လာခြင်းမျိုး မရှိသေး ကြောင်း KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က အတည်ပြုသည်။

ဦးအောင်ဆန်းမြင့်က ကျနော်တို့ဆီမှာ ဘာတရားဝင်စာမှ မရှိဘူးနော်။ ဘာမှလည်း ကမ်းလှမ်းထားတာလည်း မရှိဘူးနော် ဟု ပြောသည်။

ထို့အတူ NCA လက်မှတ်ထိုးထားပြီး လက်ရှိတွင် စစ်တပ်နှင့် တိုက်ပွဲပြင်းထန်နေသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ထံသို့လည်း ဆက်သွယ်လာခြင်းမရှိကြောင်း သိရသည်။ 

ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက မရှိပါဘူး ကျနော်တို့ဆီ အခုထက်ထိ ဘာမှ မရောက်ပါဘူး ဟု ပြောသည်။

အလားတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကလည်း တရားဝင် အကြောင်းကြားစာ ရရှိထားခြင်း မရှိသေးကြောင်း သတင်းနှင့်မီဒီယာကွန်ရက် (NMG) သို့ ပြောကြားထားသည်။

အခုထက်ထိကတော့ မရှိသေးဘူးခင်ဗျာ။ လူနဲ့အကြောင်းကြားတာတွေ၊ စာနဲ့အကြောင်းကြားတာတွေ ခုထက်ထိကတော့ မရှိသေးဘူး။ ဗဟိုကော်မတီရဲ့ ဆွေးနွေးဆုံးဖြတ်ချက်ကို အခြေခံပြီးမှ ကျနော်တို့ သွားရမှာ ဖြစ်ပါတယ်။ သူတို့ အကြောင်းကြားတဲ့ စာထဲမှာ အကြောင်းအရာထဲမှာ မူတည်ပြီးမှပဲ KIO ဗဟိုကော်မတီက တော့ ဆုံးဖြတ်မှာ ဖြစ်ပါတယ် ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်အုပ်စုသည် နိုင်ငံတကာ မျက်နှာစာတွင် ငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာ အစုအဖွဲ့အားလုံးနှင့် ဆွေးနွေး သွားမည်ဟု ပြောဆိုနေသော်လည်း ၂၀၂၁ ခုနှစ် နောက်ပိုင်း ပေါ်ပေါက်လာသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF ကဲ့သို့သော အဖွဲ့အစည်းများကိုမူ ဆွေးနွေးမည့်စာရင်းထဲ ထည့်သွင်းထားခြင်း မရှိပေ။

စစ်တပ်သည် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှတစ်ဆင့်သာ ဖိတ်ခေါ်သယောင် ပြုလုပ်နေခြင်းဖြစ်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ထောက်ပြသည်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်က ဟိုတလောက ဒါ PDF တွေကို ဖိတ်ခေါ်တယ် ဘာညာ ဆို တာမျိုး ထုတ်ပြန်တာရှိတယ်လေနော်။ အဲလိုမျိုး သတင်းစာတွေ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကနေ တစ်ဆင့် ဖိတ်ခေါ်နေတာမျိုးတွေတော့ ရှိတာပေါ့ဗျာ။ ဒါပေမဲ့လည်း ကျနော်တို့က အဲဒီစာသားတွေတောင်မှ NUG ဆိုတဲ့ စကားလုံးက သူတို့လုံးဝ ထည့်မပြောဘူးလေနော်။ အဲတော့ ကျနော်တို့ NUG ဆီလည်း ဒါဖိတ်ခေါ်တယ် ဆိုတာ မျိုး ဒါတွေလည်း ရောက်ရှိခြင်း မရှိဘူးနော် ဟု ဦးနေဘုန်းလတ်က ပြောသည်။

လက်ရှိတွင် စစ်တပ်၏ ဖိတ်ကြားချက်ကို လက်ခံရရှိထားသူများမှာ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အပစ်ရပ် ၇ ဖွဲ့ (KNU/KNLA-PC၊ RCSS/SSA၊ DKBA၊ MNSP၊ PNLO၊ ALP နှင့် LDU) သာဖြစ်ပြီး၊ ၎င်းတို့နှင့် အလွတ်သဘော တွေ့ဆုံမှုအချို့ စတင်နေပြီဖြစ်သည်။

တော်လှန်ရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများကမူ စစ်တပ်၏ ကမ်းလှမ်းမှုသည် ၎င်းတို့ ရင်ဆိုင်နေရသည့် စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းများကို ကုစားရန် ဟန်ပြလုပ်ဆောင်သည့် လှည့်ကွက်သာ ဖြစ်ကြောင်း ဝေဖန်ထောက်ပြထားကြသည်။

KNPP အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က နိုင်ငံတကာကနေမှ သူ့ကို အစိုးရအဖြစ်နဲ့ အသိအမှတ်ပြုရေးကို ဒါက ကြိုးစားတာပဲ။ တကယ့်တကယ် ငြိမ်းချမ်းရေးကို စိတ်ဆန္ဒရှိလို့ လုပ်တာမျိုးမှ မဟုတ်ဘဲနဲ့ တကယ့် တကယ် ငြိမ်းချမ်းရေးကို စိတ်ဆန္ဒရှိလို့ရှိရင် ကျနော်တို့ ဖက်ကနေပြီးတော့ ဘာတွေ လုပ်သင့်တယ်ဆိုတာ ကျနော်တို့ အမြဲတမ်းချပြခဲ့တာပဲလေနော်။ အခုကတော့ တစ်ခါလာလည်း ဒီ NCA ကို အခြေခံပြီးတော့မှ ၂၀၀၈ အခြေခံပြီးတော့မှ ဒါဘာလိုချင်တယ် တိုင်းရင်းသားတွေက ဒီနေ့လည်း ပြည်နယ်ကို အခြေခံတဲ့ ဖက် ဒရယ်ကို သွားမလား။ ဒေသကို အခြေခံတဲ့ ဖက်ဒရယ်ကို သွားမလား လျှောက်ပြီးမှ လျှောက်ပြောနေတာ တကယ်တမ်းကျတော့ ဖက်ဒရယ်ဆိုတာ ကိုလည်း တစ်လုံးတစ်ပါဒမှ သိတာလည်း မဟုတ်ဘဲနဲ့ အဲဒါပါပဲ။ အဓိပ္ပာယ်လည်း ရှိမှာလည်း မဟုတ်ပါဘူး ဟု သုံးသပ်သည်။

စစ်တပ်သည် ငြိမ်းချမ်းရေးအကြောင်း ပြောဆိုနေသော်လည်း မြေပြင်တွင် ရက် ၁၀၀ စီမံချက်ဖြင့် ပြည်နယ်နှင့် တိုင်းဒေသအသီးသီးရှိ တော်လှန်ရေးနယ်မြေများကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လျက်ရှိသည်။

ထိုထိုးစစ်များကြောင့် စစ်ရေးပဋိပက္ခဒေသများရှိ အရပ်သား ပြည်သူလူထုမှာ ဖမ်းဆီးနှိပ်စက်ခံရခြင်း၊ လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်း၊ လက်နက်ကြီး၊ လေကြောင်းနှင့် ဒရုန်းပစ်ခတ်မှုများကြောင့် သေဆုံးခြင်းနှင့် နေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်မှု ဒဏ်များကို ယခင်ကထက် ပိုမိုဆိုးရွားစွာ ခံစားနေကြရသည်။