ကမ္ဘာ့ဖလားသီချင်း ‘Dai Dai’ မှ ရမည့် ဝင်ငွေအားလုံးကို ပညာရေးအတွက် ရှာကီယာလှူဒါန်းမည် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။ 

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ တရားဝင်သီချင်းတစ်ပုဒ်ဖြစ်သော “Dai Dai” ကို သီဆိုထားသည့် ကိုလံဘီယာအဆိုတော် ရှာကီရာ (Shakira) က ယင်းသီချင်းမှ ရရှိမည့် ဝင်ငွေအားလုံးကို ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်များ၏ ပညာရေးကဏ္ဍအတွက် ဖီဖာ (FIFA) ၏ ပညာရေးရန်ပုံငွေအဖွဲ့ထံ လှူဒါန်းသွားမည်ဟု တရားဝင် ကြေညာခဲ့သည်။

ကမ္ဘာကျော် ဘောလုံးသမားကြီးများဖြစ်ကြသည့် ပီလီ၊ ရော်နယ်ဒိုနှင့် မက်ဆီတို့အားလုံးသည် ကလေးဘဝက ရုန်းကန်ခဲ့ရသည့် အခြေအနေများကို အရှုံးမပေးခဲ့သောကြောင့် ချန်ပီယံများ ဖြစ်လာခဲ့ကြခြင်းဖြစ်ကြောင်းနှင့် ကလေးငယ်များကို ပေးနိုင်သည့် အဖိုးတန်ဆုံးသော အခွင့်အလမ်းမှာ ပညာရေးဖြစ်ကြောင်း ရှာကီရာက စင်မြင့်ထက်တွင် ပြောကြားခဲ့သည်။ 

ရှာကီရာသည် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက သူမ၏ဇာတိမြေ ကိုလံဘီယာနိုင်ငံတွင် အခြေခံအုတ်မြစ် ရန်ပုံငွေအဖွဲ့ (Pies Descalzos Foundation) ကို တည်ထောင်ကာ နွမ်းပါးသော ကလေးငယ်များအား ပညာသင်ကြားပေးပြီး လမ်းမှားမရောက်အောင် ကူညီပေးခဲ့သူဖြစ်သည်။

အဆိုပါ ရန်ပုံငွေရှာဖွေမှု အစီအစဉ်တွင် ရှာကီရာ တစ်ဦးတည်းသာမက ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တီထွင်ဆန်းသစ်လိုက်သည့် ဗိုလ်လုပွဲ ပွဲတစ်ဝက်ဖျော်ဖြေမှု (Halftime Show) ၌ ရှာကီရာ၊ မက်ဒေါနား (Madonna) နှင့် K-Pop BTS အဖွဲ့တို့က အဓိကဖျော်ဖြေသူများအဖြစ် ပူးတွဲပါဝင်ကြမည် ဖြစ်သည်။ 

ယင်းဖျော်ဖြေပွဲကြီးသည် ကမ္ဘာ့ကလေးငယ်များ အရည်အသွေးမီ ပညာရေးနှင့် ဘောလုံးကစားခွင့် ရရှိစေရန်အတွက် “FIFA Global Citizen Education Fund” သို့ ရန်ပုံငွေ ဒေါ်လာ သန်း ၁၀၀ ရရှိရန် ရည်မှန်းထားသည်။ 

လက်ရှိအချိန်အထိ အဆိုပါရန်ပုံငွေအဖွဲ့သည် ဒေါ်လာ သန်း ၃၀ ကျော် ရရှိထားပြီးဖြစ်သည့်အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ရောင်းချရသည့် လက်မှတ်တစ်စောင်ချင်းစီမှ ဒေါ်လာ ၁ ဒေါ်လာစီကိုလည်း ဤပညာရေးရန်ပုံငွေထဲသို့ တိုက်ရိုက်လှူဒါန်းသွားမည်ဖြစ်ကြောင်း ဖီဖာ (FIFA) ဘက်က အတည်ပြု ပြောကြားထားသည်။