ဖရူဆိုတွင် နေအိမ် ၈၀ ကျော် စစ်တပ်မီးရှို့၊ စစ်ရှောင်တစ်ထောင်ကျော် အရေးပေါ်ရိက္ခာလိုအပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်။
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်တပ်သည် ပြီးခဲ့သည့် မတ်လမှ မေလ အတွင်း ကျေးရွာ ၃ ရွာရှိ အရပ်သားနေအိမ် ၈၀ ကျော်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
KNDF ၏ ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်နေ့တွင် ဘူးခူကျေးရွာသို့ စစ်တပ် စစ်ကြောင်း ဝင်ရောက်စဉ် နေအိမ် ၁၆ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ မေလ ၆ ရက်နေ့တွင် ထားလဲကျေးရွာရှိ နေအိမ် ၆၀ ကျော်နှင့် မေလ ၇ ရက်နေ့တွင် ပရယ်တော်ကျေးရွာရှိ နေအိမ် ၄ လုံးတို့ကို အသီးသီး မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးရသည့် အခြေအနေနှင့်ပတ်သက်၍ KNDF မှ တာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ရှင်းပြသည်။
“အခုတလောအဲဒီ ပြည်ထောင်စုလမ်းမကြီးဘေး စစ်ရေးဖော်ဆောင်တာတွေ ရှိတော့ အဲဒီမှာ ပစ်ကွင်းနည်း နည်း ရှင်းအောင်ဆိုပြီးတော့ သူတို့ အိမ်တော်တော်များများ မီးရှို့လိုက်တာပေါ့။ အဓိက သူတို့ မီးရှို့ရတဲ့ ရည် ရွယ်ချက်ကတော့ ဒီရွာထဲမှာဆိုလို့ရှိရင်တော့ ပစ်ကွင်းရှင်းအောင်၊ ပြီးတော့မှ နောက်တစ်ချက်က ဒီအင်အား တွေဘာတွေ စုလာနိုင်တော့ ဒီကျေးရွာတွေကို နယ်မြေရှင်းလင်းရေး လိုက်ထိုးတာတွေပေါ့။”
ထို့ပြင် စစ်တပ်သည် စစ်ဘေးရှောင်များ ရှိနေသည်ဟု သတင်းရရှိပါက (သို့မဟုတ်) လူအရိပ်အယောင် မြင်တွေ့ ရရုံမျှဖြင့် နယ်မြေရှင်းလင်းရေး အမည်ခံကာ အကြောင်းမဲ့ ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် မေလ ၈ ရက်နေ့ကလည်း ဝှယ်ဒူးလျား စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့သည့် အတွက် ဘူးခူ၊ ထားလဲနှင့် ပရယ်တော်ကျေးရွာများမှ ဒေသခံများအပါအဝင် စုစုပေါင်း စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်မှာ တောတောင်များထဲသို့ ထပ်မံရွှေ့ပြောင်း ထွက်ပြေးနေရသည်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ မှတ်တမ်းများအရ ပြီးခဲ့သည့် မေလတစ်လထဲမှာတင် စစ်တပ်၏ ဖျက်ဆီးမှုကြောင့် ကရင်နီပြည်အတွင်း လူနေအိမ် ၉၆ လုံး ပျက်စီးခဲ့ရပြီး အဆိုပါအထဲတွင် ဖရူဆိုမြို့နယ်က အများဆုံးဖြစ်သည်။
တစ်ဖက်တွင်လည်း ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်များအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများနှင့် တောင်ယာလုပ်ငန်းခွင်များကို ပစ်မှတ်ထားကာ ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို စစ်တပ်က ဆက်တိုက်လုပ်ဆောင်နေသည်။
ဇွန်လ ၃ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အတွင်း လူထုနေထိုင်ရာနေရာကို ဒရုန်းဖြင့် ဗုံးကြဲခဲ့၍ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး၊ မေလ ၃၁ ရက်နှင့် ဇွန်လ ၁ ရက်နေ့များကလည်း ဖရူဆိုမြို့နယ်အတွင်း ဒရုန်းဗုံးကြဲမှုကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ရသည်။
ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့် အခြေအနေနှင့်ပတ်သက်၍ ဖရူဆိုဒေသခံတစ်ဦးက “အိမ်ထိသွားတယ်၊ စုတ်ပြတ်သွားတယ်။ ည ၁၀ နာရီခွဲဝန်းကျင်က ၃ လုံး၊ မနက်ရောက်တော့ ၄ နာရီမှာ တစ်လုံးထပ်ကြဲတယ်” ဟု ပြောသည်။
လက်ရှိတွင် ဖရူဆို-ဘောလခဲ လမ်းမကြီးတစ်လျှောက် စစ်တပ် စစ်ကြောင်းများ စစ်ရေးလှုပ်ရှားနေသော ကြောင့် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ကရင်နီစစ်ဘေးရှောင်ပြည်သူတစ်ဦးကလည်း “အခုရက်ပိုင်း သတိနဲ့တော့ နေခိုင်းထားတယ်။ အောက်ဖက်တော့ ပို သတိပေးထားကြရတာပေါ့နော်” ဟု ပြောသည်။
တောင်သူများအနေဖြင့် အသက်ဘေးစိုးရိမ်မှုများကြားကပင် တောင်ယာလုပ်ငန်းခွင်များကို သတိကြီးစွာဖြင့် လုပ်ကိုင်နေကြရသည်ဟု ကရင်ဒေသခံများနှင့် စစ်ရှောင်များက ပြောသည်။
လက်ရှိ တောတောင်များထဲတွင် ယာယီတဲများထိုးကာ ခိုလှုံနေကြရသည့် စစ်ဘေးရှောင်ပြည်သူများ အတွက် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူ များက ပြောသည်။