ရှီကျင့်ပင်လာမလည်မီ မြောက်ကိုရီးယားခေါင်းဆောင်က တန် ၁၀,၀၀၀ ဖျက်သင်္ဘော တည်ဆောက်ရေး ကြေညာ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၆ ရက်။ 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ပင်သည် လာမည့်အပတ်တွင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ကာ ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း နှစ်နိုင်ငံစလုံး၏ နိုင်ငံပိုင်မီဒီယာများက အတည်ပြုထုတ်ပြန်လိုက်သည်။ တရုတ် သမ္မတ ခရီးစဉ်မတိုင်မီတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယား၏ တန်ချိန် ၁၀,၀၀၀ ရှိ ဖျက်သင်္ဘောတည်ဆောက်မည့် အစီအစဉ်ကို ကြေညာခဲ့သည်။ 

ယခုခရီးစဉ်သည် သမ္မတရှီကျင့်ဖျင်အနေဖြင့် (၇) နှစ်နီးပါးကာလအတွင်း မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်သည့် ရှားရှားပါးပါး ခရီးစဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

သမ္မတ ရှီကျင့်ဖျင်သည် ခေါင်းဆောင် ကင်ဂျုံအွန်၏ ဖိတ်ကြားချက်အရ ဇွန်လ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုံယမ်းမြို့သို့ သွားရောက်မည်ဖြစ်ပြီး၊ ယခုခရီးစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့နှင့် ပေကျင်းမြို့တွင် တွေ့ဆုံခဲ့ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ 

တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ကီလိုမီတာ ၁,၄၀၀ ရှည်လျားသော နယ်နိမိတ်ကို အတူတကွ မျှဝေထားကြပြီး၊ ယခုနှစ်သည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသည့် အပြန်အလှန် ကာကွယ်ရေးစာချုပ် (၆၅) နှစ်မြောက် မြောက်သည့်နှစ်လည်း ဖြစ်သည်။

ကမ္ဘာ့လှည့်ခရီးသွားကဏ္ဍနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်ရန်အတွက် မြောက်ကိုရီးယားအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအကူအညီကို လိုအပ်နေသော်လည်း၊ တရုတ်သမ္မတ ရှီကျင့်ဖျင်မှာမူ မြောက်ကိုရီးယားနှင့် ရုရှားအကြား မကြာသေးမီက ပိုမိုခိုင်မာလာသည့် စစ်ရေးမဟာမိတ်ပြုမှုကို သတိကြီးစွာဖြင့် စောင့်ကြည့်လျက်ရှိသည်။ 

အခြားတစ်ဖက်တွင်လည်း တောင်ကိုရီးယားအစိုးရက တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားအား အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြန်လည်စတင်ရန် တိုက်တွန်းပေးမည့် ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။

တရုတ်သမ္မတ၏ ခရီးစဉ်မစတင်မီ မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏ စစ်ရေးနှင့် နျူကလီးယားစွမ်းရည်ကို သိသိသာသာ ထုတ်ဖော်ပြသလျက်ရှိသည်။ 

စနေနေ့တွင် ထွက်ပေါ်လာသော မြောက်ကိုရီးယားအစိုးရပိုင် ရိုဒေါင်ဆင်မွန် (Rodong Sinmun) သတင်းစာ၏ ဖော်ပြချက်အရ မြောက်ကိုရီးယားနိုင်ငံသည် တန်ချိန် ၁၀,၀၀၀ အဆင့်ရှိ လေယာဉ်ပစ်ဖျက်သင်္ဘော (Destroyer) တစ်စင်းကို တည်ဆောက်ရန် စီစဉ်နေပြီး၊ လျှို့ဝှက်ရေအောက်လက်နက်များကိုလည်း ထုတ်လုပ်သွားမည်ဖြစ်သည်ဟု ဆိုသည်။ 

ခေါင်းဆောင် ကင်ဂျုံအွန်သည် ပြီးခဲ့သည့် ကြာသပတေးနေ့က ပြုလုပ်ခဲ့သော ကန်ကွန် (Kang Kon) စစ်သင်္ဘော၏ မောင်းနှင်မှုစမ်းသပ်ချက်ကို သမီးဖြစ်သူ ဂျူအေး (Ju Ae) နှင့်အတူ လူကိုယ်တိုင် သွားရောက်စစ်ဆေးခဲ့ပြီးနောက်၊ အဆိုပါ တန် ၁ သောင်းခွဲဖျက်သင်္ဘောနှင့် တန် ၅,၀၀၀ အဆင့်ရှိ ချွဲဟျွန်း (Choe Hyon) စစ်သင်္ဘောတို့ကို ရေတပ်သို့ အမြန်ဆုံး အင်အားဖြည့်တင်းရန် အမိန့်ပေးခဲ့သည်။ 

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် တန်ချိန် ၁၀,၀၀၀ အဆင့်ရှိ ဖျက်သင်္ဘော တည်ဆောက်မည့်အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအဖွဲ့ (Institute for National Unification) မှ အဆင့်မြင့်သုတေသီ ဟောင်မင် (Hong Min) က ကင်ဂျုံအွန်အနေဖြင့် တရုတ်သမ္မတ မလာရောက်မီ ၎င်းတို့၏ စစ်ရေးစွမ်းရည်ကို ပြသလိုခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ 

ထို့အပြင် ကင်ဂျုံအွန်သည် ၎င်းတို့၏ နျူကလီးယားစက်ရုံအသစ်သို့ သွားရောက်စဉ်အတွင်း မြောက်ကိုရီးယား၏ လက်နက်အဆင့်မီ နျူကလီးယားပစ္စည်း ထုတ်လုပ်မှုစွမ်းအားမှာ ပြီးခဲ့သည့် ၅ နှစ်အတွင်း နှစ်ဆကျော် မြင့်တက်လာခဲ့ကြောင်းနှင့် နျူကလီးယားထိပ်ဖူး အဆမတန်တိုးမြှင့်ထုတ်လုပ်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားနှင့် ဒုံးကျည်စွမ်းရည်များကို အရှိန်အဟုန်မြှင့် တိုးမြှင့်နေသော်လည်း မိမိတို့၏ နျူကလီးယားရည်မှန်းချက်ကို စွန့်လွှတ်မည်မဟုတ်ကြောင်း ပြတ်သားစွာ အချက်ပြနေပြီး၊ အမေရိကန် သို့မဟုတ် တောင်ကိုရီးယားတို့နှင့် ဆွေးနွေးညှိနှိုင်းရန် လမ်းစများကိုမူ ပိတ်ဆို့ထားဆဲဖြစ်သည်။