ကူကီးနယ်မြေများ ရှမ်းနီဒေသတွင်း ထည့်သွင်းမည့်အရေး UKSC လက်မခံ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ကူကီးလူမျိုးတို့၏ သမိုင်းဝင် ဘိုးဘွားပိုင်နယ်မြေများကို ရှမ်းနီကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းတောင်းဆိုနေမှုအပေါ်  လုံးဝလက်ခံနိုင်မည် မဟုတ် ကြောင်း ကူကီးပြည် သွေးစည်းညီညွတ်ရေး ကောင်စီ (United Kuki State Council – UKSC) က ထုတ်ပြန် လိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော် မတီ (NSPNC) နှင့် ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် ဟုမ္မလင်း၊ ခန္တီး၊ ကလေး နှင့် တမူးဒေသများကို ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ထည့်သွင်းရန် ဆွေးနွေးခဲ့သည့်အပေါ် UKSC က ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

UKSC က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် မိမိတို့၏ ဘိုးစဉ်ဘောင်ဆက် သမိုင်းဝင် ပိုင်နက်များကို အခြား လူမျိုးတစ်မျိုး၏ ပိုင်နက်အောက်သို့ အတင်းအဓမ္မ ထည့်သွင်းသိမ်းပိုက် တောင်းဆိုခြင်းကိုမူ လုံးဝ လက်ခံ နိုင်မည် မဟုတ်ပါ ဟု ဖော်ပြထားသည်။

ဗြိတိသျှကိုလိုနီခေတ် ‘သွေးခွဲအုပ်ချုပ်ခြင်း’ မူဝါဒနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်၏ မတရားသော နယ်မြေစီမံခန့်ခွဲမှုများကြောင့် ကူကီးလူမျိုးတို့သည် မိမိတို့နယ်မြေတွင် လူနည်းစုအဖြစ်သို့ ကျရောက်ခဲ့ရသည့် သမိုင်းဝင်မတရားမှုများရှိခဲ့ကြောင်း ဇွန်လ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ထောက်ပြ ထားသည်။ 

အထူးသဖြင့် ၁၉၆၇ ခုနှစ်တွင် ဆင်နွှဲခဲ့သည့် ‘ခါတော်မီစစ်ဆင်ရေး’ သည် ကူကီးကျေးရွာပေါင်း ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ လူဦးရေ ၂၀,၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးခဲ့သည့် လူမျိုးစုသုတ်သင်ရှင်းလင်းမှု (Ethnic Cleansing) နှင့် လူမျိုးတုန်းစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှု သာဓက ဖြစ်သည်ဟု ဆိုသည်။

လက်ရှိ အုပ်ချုပ်ရေး နယ်နိမိတ်များသည် ထိုကဲ့သို့သော သမိုင်းဝင် မတရားမှုများအပေါ် အခြေခံနေခြင်း ဖြစ်သဖြင့် အတိတ်က အမှားများကို ပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း UKSC က တိုက်တွန်းထားသည်။ 

ထို့အပြင် လက်ရှိ သတ်မှတ်ထားသော ပထဝီဝင်နယ်နိမိတ်ကိုသာ အခြေခံပြီး တောင်းဆိုခြင်းသည် သမိုင်း အမှန်တရားကို ပျက်ပြားစေပါသည် ဟုလည်း ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

အဆိုပါ နယ်မြေအငြင်းပွားမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး (UKSC) ၏ တုံ့ပြန်ချက်ကို ထပ်မံသိရှိနိုင်ရန် သတင်းနှင့် မီဒီယာကွန်ရက် (NMG) က ဆက်သွယ်ထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

UKSC အနေဖြင့် အိမ်နီးချင်း တိုင်းရင်းသားညီအစ်ကိုများနှင့် ပဋိပက္ခဖြစ်ပွားရန် မလိုလားဘဲ ‘အပြန်အလှန် အသိအမှတ်ပြုရေး’ မူဝါဒဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုကြောင်း၊ သို့သော် ကူကီးလူမျိုးတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကူကီးအမျိုးသားပြည်နယ်” ထူထောင်နိုင်ရေးကို ဥပဒေဘောင်အတွင်းမှ ခိုင်မာစွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ရှမ်းနီ၊ နာဂနှင့် အခြားတိုင်းရင်းသား အင်အားစုများအနေဖြင့် နယ်မြေအငြင်းပွားမှုများကို ဖြေရှင်းရာတွင် တစ်ဖက်သတ် ဆုံးဖြတ်ခြင်းထက် ပတ်သက်ဆက်နွှယ်သူ အားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာ မျက်နှာချင်းဆိုင် အဖြေရှာရန် UKSC က လေးစားစွာ တိုက်တွန်းနှိုးဆော်ထားသည်။