တရုတ်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲတွင် နျူကလီးယား အကြောင်း နှုတ်ဆိတ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်။ 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် ၇ နှစ်တာကာလအတွင်း မြောက်ကိုရီးယားနိုင်ငံ ပြုံယန်းမြို့တော်သို့ ပထမဆုံးအကြိမ်အဖြစ် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် တရားဝင် အလုပ်သဘော သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံပိုင် အစိုးရသတင်းမီဒီယာများ၌ တရုတ်-မြောက်ကိုရီးယား နှစ်ဦးနှစ်ဖက် ဆက်ဆံရေးတိုးမြှင့်မှုများကိုသာ အလေးပေးထုတ်ဖော်ရေးသားခဲ့ကြသည်။ 

သို့သော်လည်း ဝါရှင်တန်အပါအဝင် နိုင်ငံတကာက အထူးစောင့်ကြည့်နေသည့် မြောက်ကိုရီးယား၏ “နျူကလီးယားလက်နက် အစီအစဉ်” အကြောင်းကိုမူ တစ်လုံးတစ်ပါဒမျှ ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ရှောင်လွှဲခဲ့ကြသည်။

နိုင်ငံတကာ နိုင်ငံရေးလေ့လာဆန်းစစ်သူများက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ယခုကဲ့သို့ နျူကလီးယားအရေးအပေါ် နှုတ်ဆိတ်နေမှုသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းအတွက် အလွန်တန်ဖိုးရှိသည့် မဟာဗျူဟာမြောက် လက်ဆောင်မွန်တစ်ခု ဖြစ်သွားစေကြောင်း သုံးသပ်ကြသည်။ 

၂၀၁၉ ခုနှစ်အထိ ဝါရှင်တန်နှင့် ပေကျင်းတို့သည် မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေး (Denuclearization) အတွက် သံတမန်ရေးရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

တရုတ်နိုင်ငံအနေဖြင့် ၎င်း၏စီးပွားရေးနှင့် သံတမန်ရေးရာဩဇာကို သုံး၍ မြောက်ကိုရီးယားအား ဖိအားပေးလိမ့်မည်ဟု အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က မျှော်လင့်ခဲ့ကြခြင်းဖြစ်သည်။ 

သို့သော် ယခုခရီးစဉ်တွင် ပေကျင်းဘက်က “နျူကလီးယားဖျက်သိမ်းရေး” ဟူသည့် စကားလုံးကို လုံးဝရှောင်လွှဲသွားခြင်းသည် မြောက်ကိုရီးယား၏ နျူကလီးယားပိုင်ဆိုင်မှုကို မသိမသာ အသိအမှတ်ပြု (Tacit Acceptance) လိုက်သည့်သဘော ဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။

လတ်တလော တောင်ကိုရီးယားသမ္မတ လီဂျေမျောင် (Lee Jae-myung) ၏ ထုတ်ဖော်ချက်အရ မြောက်ကိုရီးယားသည် တစ်နှစ်လျှင် နျူကလီးယားဗုံး ၁၀ လုံးမှ ၂၀ လုံးအထိ ထုတ်လုပ်နိုင်သည့် နျူကလီးယားလောင်စာများကို ထုတ်လုပ်လျက်ရှိနေသည်။ 

ထို့အပြင် အမေရိကန်ပြည်မကြီးအထိ ရောက်ရှိပစ်ခတ်နိုင်မည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးပျံ (ICBM) နည်းပညာကိုပါ အဆင့်မြှင့်တင်ထားပြီးဖြစ်သည်ဟု တောင်ကိုရီးယား ထောက်လှမ်းရေးက သုံးသပ်ထားသည်။