ကျောက်လုံးကြီးဗျူဟာစခန်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဗျူဟာမြောက် ‘ကျောက်လုံးကြီး’ ကာကင်းစခန်းကို စစ်တပ်က လေကြောင်းပစ်ကူ အသုံးပြုကာ ပြန်လည်သိမ်းပိုက်သွားကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အဆိုပါ ကျောက်လုံးကြီး ဗျူဟာမြောက်တပ်စခန်းကို KNU ပူးပေါင်းတပ်များက မေလ ၂၉ ရက်နေ့ နံနက်ပိုင်း တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ ထိုနေ့ညနေပိုင်းတွင်ပင် စစ်တပ်ဘက်က လေကြောင်း ပစ်ကူများကို အဆက်မပြတ်အသုံးပြုကာ စခန်းမှ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦး က ပြောသည်။
“ဒီကျောက်လုံးကြီးကို မနက်ပိုင်း ဒီ KNU ဖက်က တိုက်ခိုက်တယ်ပေါ့နော်။ ၂၉ ရက်နေ့တက်တယ်။ ရတယ်။ ညနေပိုင်းကျတော့ လေယာဉ်က အပေါ်ကနေပြီးတော့ တောက်လျှောက်ပစ်ပြီးတော့ သူတို့စခန်းထဲ ပြန်ဝင် လာ တယ်ပေါ့နော်။ ပြန်ဝင်လာပြီးတော့ သူတို့စခန်း ပြန်သိမ်းတယ်ပေါ့နော်။ လေယာဉ်က အကူပစ်ပေး တယ်ပေါ့ နော်။ ကူပစ်ပေးတော့ သူတို့လူတွေ ပြန်တက်လာတယ်။ အဲဒီစခန်း ပြန်ရတာပေါ့နော် ညနေပိုင်းမှာ။”
စစ်တပ်က ‘ကျောက်လုံးကြီး’ စခန်းကို ပြန်လည်ရယူနိုင်ရေးအတွက် အင်အားဖြည့်တင်းမှုများနှင့်အတူ လေကြောင်းပစ်ကူကို သုံး၍ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များဘက်က ထိခိုက်မှုနည်းပါးစေရန် စခန်းမှ ပြန်လည်ဆုတ်ခွာပေးခဲ့ရခြင်း ဖြစ်သည်။
ထိုသို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ရသည့်တိုင် စစ်တပ်အနေဖြင့် ကျောက်လုံးကြီးစခန်းကို ချက်ချင်းလက်ငင်း ပြန်လည်စိုးမိုးနိုင်ခဲ့ခြင်း မဟုတ်ကြောင်း အခြားစစ်ရေးသတင်းရင်းမြစ်တစ်ခုက ယခုကဲ့သို့ ရှင်းပြသည်။
အခြေအနေနှင့် ပတ်သက်၍ အခြား စစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်း “သိမ်းပြီးတာနဲ့ ပစ္စည်းတွေ သွား တက်ယူပြီး နောက်တစ်ရက် ညနေပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ သူတို့ လူအင်အား အများအပြားနဲ့ တက်လာ တယ်။ သူတို့ ညချင်းပဲတက်ပြီး သူတို့ နေရာကို သူတို့ရသွားကြတယ်။ သူတို့ နေရာကိုတော့ မရောက်သေးဘူး ဒါပေမယ့် တော်လှန်ရေးတပ်တွေက တပ်ဆုတ်လိုက်တော့ မနက်ကျ နှစ်ရက် သုံးရက် လောက်ကြာမယ် အဲ့ဒါမှ သူတို့ စခန်းကို ရောက်တယ်” ဟု ပြောသည်။
အဆိုပါ ကျောက်လုံးကြီးစခန်းသည် စစ်တပ်၏ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၂) ဗျူဟာလက်အောက် ခံ ခလရ (၄၃၃) အခြေစိုက်ထားသည့် ကာကင်းစခန်းတစ်ခုဖြစ်ပြီး၊ နှစ်ဖက်စလုံးအတွက် ရေလမ်းကြောင်း အသုံးပြု စစ်ရေးလှုပ်ရှားနိုင်မည့် မဟာဗျူဟာမြောက် အရေးပါသော နေရာတစ်ခုဖြစ်သည်။
ကျောက်လုံးကြီး’ စခန်းကို KNU၊ KNLA တပ်မဟာ (၄)၊ အမှတ် (၁) ဗျူဟာလက်အောက်ခံ KNDO တပ်ရင်း (၇)၊ KNLA တပ်ရင်း (၁၁၊ ၂၀၃) နှင့် တပ်မဟာ (၄) ဒရုန်းအဖွဲ့တို့က မေလ ၁၉ ရက်နေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ၁၀ ရက်အကြာ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၂၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ကျောက်လုံးကြီးတပ်စခန်းကို လက်ရှိတွင် စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသော်လည်း အဆိုပါ ပုလောမြို့နယ်အတွင်း နယ်မြေစိုးမိုးရေးအတွက် နှစ်ဖက်စစ်ရေး တင်းမာမှုများနှင့် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။