စစ်တွေနှင့် ကျောက်ဖြူတွင် တင့်ကားများ အပါအဝင် စစ်တပ် စစ်အင်အားတိုး၊ ရေလမ်းများ ပိတ်ဆို့ထား

သတင်းနှင် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်။

ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့များသို့ စစ်တပ်က စစ်သည်အင်အားနှင့် လက်နက်ခဲယမ်းများ အလုံး အရင်း ထပ်မံဖြည့်တင်းကာ ဒေသတွင်း ရေလမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်ကြောင်း မြေပြင်တွင်း သတင်း ရင်းမြစ်များနှင့် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က စစ်တပ်၏ ထောက်ပံ့ရေး စစ်ရေယာဉ်များသည် စစ်တွေ ရွှေမင်းဂံရေတပ် စခန်း နှင့် ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်တို့တွင် ဆိုက်ကပ်ပြီး စစ်သည်၊ တင့်ကားနှင့် လက်နက်ခဲယမ်းများကို ဖြည့်တင်းခဲ့သည်။

ကျောက်ဖြူမြို့ခံ သတင်းရင်းမြစ်တစ်ခုက မြို့ထဲက လမ်းမတွေပေါ်မှာ တင့်ကားတွေပါ ချပြလာတယ်။ ရေ တပ်ကလည်း သင်္ဘောကြီးတွေနဲ့ လူရော လက်နက်ရော အဆက်မပြတ် သယ်နေတာ။ မြို့ကို ဘယ်လိုနည်း နဲ့မှ အဆုံးရှုံးမခံဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ခံစစ်ကို အပြင်းအထန် ပြင်နေကြတာပါ ဟု ပြောသည်။

ဒေသခံ စက်လှေပြေးဆွဲသူများနှင့် ရေလုပ်သားများ၏ ပြောပြချက်အရ စစ်အုပ်စု ရေတပ်သည် သံဇစ်မြစ် အပါအဝင် ကျောက်ဖြူနှင့် မာန်အောင် ရေလက်ကြား လမ်းကြောင်းများတွင် ကင်းလှည့်ရေယာဉ်များ ချထား ကာ မည်သည့် အရပ်သားလှေကိုမျှ ဖြတ်သန်းခွင့်မပြုဘဲ ပစ်ခတ်တားဆီးနေခြင်းကြောင့် ရေလမ်းကြောင်းများ ပြတ်တောက်သွားသည်ဟု ဆိုသည်။ 

ဇွန်လ ၈ ရက်နေ့က ရမ်းဗြဲမြို့မှ ကာလတန်ဖိုး သိန်း ၂,၀၀၀ ကျော်တန်ဖိုးရှိ စက်သုံးဆီနှင့် ကုန်ပစ္စည်းများ တင် ဆောင်လာသည့် အရပ်သား မော်တော်ဘုတ်တစ်စီးကို ဓညဝတီရေတပ်က ဖမ်းဆီးခဲ့ပြီး ဘုတ်ပေါ်ပါလာသည့် အလုပ်သမားခေါင်းဆောင် အပါအဝင် အရပ်သား ၇ ဦးထက်မနည်းကို ကျောက်ဖြူမြို့သို့ ဖမ်းဆီးခေါ်ဆောင် သွားသည်။

ကျောက်ဖြူမှ စစ်ရှောင်များကို အကူအညီပေးနေသူ တစ်ဦးက ကျနော်တို့ဆီမှာက ရေလမ်းပဲရှိတာ။ အခုလို အကုန်ပိတ်ပြီး လှေတွေကိုပါ လိုက်ပစ်တော့ ထောင်ချောက်ထဲ ပိတ်မိနေသလိုပဲ။ ဘယ်မှရွေ့လို့မရသလို ရိက္ခာ လည်း ပြတ်တော့မယ် ဟု ပြောသည်။

ရေလမ်းပိတ်ဆို့မှုများအပြင် ဝေဟင်ထိုးစစ်များကြောင့် ဇွန်လဆန်းပိုင်းတွင် ကျောက်ဖြူနှင့် ရမ်းဗြဲအစပ်ရှိ စစ်ဘေးရှောင် စခန်းများအနီးသို့ ဂျက်တိုက်လေယာဉ်များနှင့် အသေခံဒရုန်း (Kamikaze Drones) များ ကျရောက်ပေါက်ကွဲခဲ့သည်။ ထို့ကြောင့် စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ ကျော် (လူဦးရေ ၁,၀၀၀ ကျော်) ကို ဘေးလွတ်ရာသို့ အရေးပေါ် ကယ်ထုတ်ခဲ့ရသည်။

စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက ဒရုန်းတွေက လူရှိတဲ့ နေရာမှန်သမျှ လိုက်ချနေလို့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးခဲ့ရတာ။ အခုလောလောဆယ် သူတို့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးက တကယ့်ကို အရေး ပေါ် လိုအပ်နေပါတယ်ဟု ပြောသည်။

အဆိုပါ ယာယီခိုလှုံရာနေရာများသို့ ရောက်ရှိလာသော ပြည်သူများအတွက် အခြေခံအမိုးအကာ၊ နေ့စဉ်စားဝတ် နေရေးနှင့် အရေးပေါ် ဆေးဝါးအကူအညီများစွာ အရေးတကြီး လိုအပ်နေသည်ဟု ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများက ပြောသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည့် တရုတ် စီမံကိန်းကြီးများရှိရာ မဒေးကျွန်းတစ်ဝိုက်တွင်လည်း ကုန်းလမ်း နှင့် ရေလမ်း ဖြတ်တောက်ခံထားရသဖြင့် အရပ်သား ၃,၀၀၀ ကျော် ပိတ်မိနေဆဲဖြစ်ကြောင်း မြေပြင်သတင်း ရင်းမြစ်များက ပြောပြသည်။ 

Photo:CINCDS (ပုံဟောင်း)