ဝက်၏အသည်းနှင့် ကျောက်ကပ်အား လူသားထံ အစားထိုးကုသမှု အောင်မြင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်။ 

ကမ္ဘာတစ်ဝှမ်းတွင် ကိုယ်အင်္ဂါအစိတ်အပိုင်း အစားထိုးကုသရန် လိုအပ်နေသည့် လူနာများအတွက် လမ်းစသစ်တစ်ရပ်အဖြစ် တရုတ်နိုင်ငံမှ ဆေးသုတေသန ပညာရှင်အဖွဲ့တစ်ဖွဲ့သည် ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ဝက်၏ အသည်းနှင့် ကျောက်ကပ်ကို လူသားတစ်ဦးထံသို့ တစ်ပြိုင်တည်း အောင်မြင်စွာ အစားထိုးကုသနိုင်ခဲ့သည်။ 

အဆိုပါ ခွဲစိတ်ကုသမှုကို တရုတ်နိုင်ငံ ဂွမ်ရှီးဆေးဘက်ဆိုင်ရာ တက္ကသိုလ်၏ ဒုတိယတွဲဖက်ဆေးရုံမှ ပညာရှင်များက ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

၎င်းတို့သည် ဦးနှောက်သေဆုံးသွားခဲ့သည့် အသက် ၅၃ နှစ်အရွယ် လူနာတစ်ဦးထံတွင် ဝက်၏ အသည်းနှင့် ကျောက်ကပ်နှစ်ဖက်စလုံးကို ခန္ဓာကိုယ်၏ မူလခန္ဓာဗေဒ တည်နေရာအတိုင်း အစားထိုးခွဲစိတ်ပေးခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ တိရစ္ဆာန်အင်္ဂါအစိတ်အပိုင်းများသည် လူနာ၏မိသားစုက စမ်းသပ်မှုကို အဆုံးသတ်ရန် မတောင်းဆိုမီအချိန်အထိ လူနာ့ခန္ဓာကိုယ်အတွင်း၌ (၅) ရက်နီးပါးကြာအောင် ပုံမှန်အတိုင်း ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်ခဲ့သည်။

လူသားခန္ဓာကိုယ်မှ တိရစ္ဆာန်ကိုယ်အင်္ဂါများကို ငြင်းပယ်သည့်အန္တရာယ် (Rejection) ကို ဖြေရှင်းရန်အတွက် ပညာရှင်များသည် ဝက်၏ မျိုးရိုးဗီဇ (Gene) သုံးခုကို ဖယ်ရှားခဲ့ပြီး၊ သွေးခဲမည့်အန္တရာယ်ကို ကာကွယ်ရန် လူသား၏ မျိုးရိုးဗီဇ သုံးခုကို အစားထိုးထည့်သွင်းခဲ့ကြောင်း ဆိုသည်။ 

ခွဲစိတ်မှုအပြီးတွင် ဝက်အသည်းသည် လူသားအသည်း၏ လုပ်ဆောင်ချက်ပုံစံအတိုင်း ပြောင်းလဲလုပ်ဆောင်လာပြီး သည်းခြေရည်များ ထွက်ရှိလာခဲ့သည့်အပြင်၊ လူနာတွင် ကျောက်ကပ်ရောဂါကြောင့် မြင့်တက်နေသည့် ယူရီးယားနှင့် ခရီရက်တနင်း (Creatinine) အညစ်အကြေး ပမာဏများသည်လည်း ပုံမှန်အတိုင်း ပြန်လည်ကျဆင်းသွားခဲ့သည်။ 

ဝက်၏ အင်္ဂါအစိတ်အပိုင်း အရွယ်အစားနှင့် ဇီဝကမ္မဖြစ်စဉ်သည် လူသားများနှင့် ပိုမိုတူညီပြီး၊ တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သည့် ရောဂါအန္တရာယ်လည်း ပိုမိုနည်းပါးသောကြောင့် သိပ္ပံပညာရှင်များသည် မျောက်များကို အသုံးမပြုဘဲ ဝက်များကို ရွေးချယ်အသုံးပြုခြင်းဖြစ်ကြောင်း ပညာရှင်များက ရှင်းလင်းပြောကြားထားသည်။