မိုင်းတုံတွင် တရုတ်နှင့် ရုရှား အဖြိုက်နက်အပြိုင်တူး၊ ဒေသခံများ ဆိုးကျိုးခံစားနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်။

ရှမ်းပြည်အရှေ့ပိုင်း၊ အနောက်တောင်ဘက်အစွန်ဆုံးရှိ မိုင်းတုံမြို့နယ်တွင် စစ်တပ်၊ တရုတ်နှင့် ရုရှားတို့က အဖြိုက်နက်သတ္တုတူးဖော်ရေး စီမံကိန်းများ ဖော်ဆောင်လျက်ရှိရာ၊ အဆိုပါ စီမံကိန်းများကြောင့် ဒေသခံများ ဘေးထွက်ဆိုးကျိုးများစွာ ကြုံတွေ့နေရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။

မိုင်းတုံမြို့နယ်၏ အမြင့်ဆုံးတောင်ဖြစ်သည့် လွယ်ချီလိတ်တောင်တန်းတောင်ဘက်၊ မိုင်းကျွတ်ကျေးရွာ၏ အရှေ့မြောက်ဘက် ၆ ကီလိုမီတာခန့်အကွာတွင် တရုတ်သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုနှင့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ ပူးပေါင်းကာ တူးဖော်နေခြင်းဖြစ်သည်။ 

ထိုင်းနယ်စပ်မှ ကီလိုမီတာ ၂၀ ခန့်အကွာ အဆိုပါနေရာ၏ မြောက်ဘက်တောင်စောင်းနေရာများတွင် ဖေဖော်ဝါရီလအတွင်း စတင်ဖော်ဆောင်ခဲ့သည့် စီမံကိန်းမှာ လက်ရှိကာလ၌ ဒေသခံများ၏ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် စတင်သက်ရောက်မှု ရှိနေပြီဟု SHRF က ပြောသည်။ 

SHRF ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ဒေသခံတွေအတွက်က ဘာအကျိုးဖြစ်ထွန်းမှုမှ မရှိဘူးပေါ့နော်။ လာတူးတာကလည်း တခြား တရုတ်နဲ့ ရုရှားက လာတူးတယ်၊ တူးပြီးတဲ့အခါမှာလည်း ဒီရဲ့ အကျိုးစီးပွားတွေက ဒီစစ်ကောင်စီတွေ၊ လက်နက်ကိုင်တွေနဲ့ ကုမ္ပဏီတွေပဲ ရသွားတာဆိုတော့။ ဆိုးကျိုးကတော့ လက်ရှိမှာတော့ သံလွင်မြစ်ရေက အဆိပ်သင့်နေပြီ။ ဒီသံလွင်မြစ်ရေက အဆိပ်သင့်နေတော့ တူးနေတဲ့ ဒေသတွေမှာရှိတဲ့ ချောင်းတွေလည်း အဆိပ်သင့်နေပြီလို့ ပြောလို့ရတယ်ပေါ့နော်။ ပြီးတဲ့အခါမှာကျလို့ရှိရင် ကျမတို့ ဒီရဲ့ ဟိုဟာ အရေပြားရောဂါ ဖြစ်တာတွေလည်း ဖြစ်တယ်။ အဲ့ဒါအပြင်ကိုမှ ကျမတို့ ဒီလိုမျိုး အခုနုန်းတင်ပြီးမှ ရေကြီး တာတွေလည်း ဖြစ်နေတယ်ဆိုတော့ နည်းနည်းလေး အန္တရာယ်များတယ် ဟု ပြောသည်။

သတ္တုတွင်းနှင့် တစ်ကီလိုမီတာခန့်အကွာတွင် တည်ရှိသည့် ဝမ်ဝကျေးရွာနေ ဒေသခံများမှာ ဖတ်ဂွတ်ချောင်း တစ်လျှောက် လုပ်ငန်းခွင်မှ စီးဆင်းလာသည့် စွန့်ပစ်ရေများကြောင့် အရေပြားကူးစက်ရောဂါများ ခံစားနေရပြီ ဟု ဆိုသည်။ 

မြောက်မှတောင်သို့ စီးဆင်းကာ သံလွင်မြစ်အတွင်းသို့ စီးဝင်သည့် အဆိုပါ ဖတ်ဂွတ်ချောင်းမှာ ဆက်လက် စီးဆင်းရန်အတွက် နမ့်ကျွတ်မြစ်နှင့် သွားရောက်ပူးပေါင်းကြသည်။ သို့ဖြစ်ရာ နမ့်ကျွတ်မြစ်တစ်လျှောက် နေထိုင်ကြသည့် ဒေသခံများမှာလည်း စက်ရုံမှထွက်သည့် စွန့်ပစ် သတ္တုရိုင်းများနှင့် ဓာတုပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုးများ ခံစားလာရမည်ကို စိုးရိမ်ပူပန်နေကြရသည်။

ရှမ်းပြည်အရှေ့ပိုင်းဒေသများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံကိန်းများ ဖော်ဆောင်နေသူ တစ်ဦးက သတ္တုတူးဖော်မှုကြောင့် အလုပ်အကိုင် အခွင့်လမ်းတချို့ ရလာနိုင်ပေမယ့် တခြား လယ်ယာမြေတွေ ပျက်စီး တာ နောက်ပြီး သောက်သုံးရေပါ ညစ်ညမ်းလာပြီး ဒေသခံတွေရဲ့ လူနေမှုဘဝကို ရေရှည်ထိခိုက်စေတာပေါ့ နော်။ သယံဇာတထုတ်ယူမှုကနေ ရရှိတဲ့အကျိုးအမြတ်ထက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ကျန်းမာ ရေးထိခိုက်မှုတွေကို ဒေသခံတွေကပဲ ခံစားရမှာပါ။ နောက်ပြီး လုပ်ငန်း စနစ်တကျ စီမံ ခန့်ခွဲမှုမရှိရင် မြေပြို တာတွေအထိ ဖြစ်ပြီးတော့ ဒေသခံတွေအတွက် အသက်ဘေး စိုးရိမ်စရာ ဖြစ်လာနိုင်တယ် ဟု သုံးသပ်သည်။

လက်ရှိ UWSA နှင့် ပူးပေါင်းတူးဖော်နေသည့် တရုတ်ကုမ္ပဏီမှာ မိုင်းတုံမြို့နယ် မြောက်ဘက်ရှိ မိုင်းခန်ကျေးရွာ အတွက်သာ ပါမစ်ရရှိထားပြီး မိုင်းကျွတ်ဒေသအတွက် ၎င်းတို့ တူးဖော်ခွင့်မရှိဟု ဆိုသည်။ သို့သော် အဆိုပါ တရုတ်ကုမ္ပဏီက UWSA နှင့် ပူးပေါင်းထားသဖြင့် စစ်တပ်အနေဖြင့် ပြောခွင့်မသာဘဲ ခွင့်ပြု နေရခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့မှာ ဖေဖော်ဝါရီလအတွင်း ကျရောက်သည့် တရုတ်နှစ်သစ်ကူးပြီး နောက်ပိုင်းမှစ၍ တစ်ကြိမ်လျှင် ကား ၅ စီးခန့်ပါဝင်သော ယာဉ်တန်းဖြင့် စစ်တပ်ထိန်းချုပ်ထားသည့် တာချီလိတ်မြို့ကို ဖြတ်သန်းကာ၊ နယ်စပ် မိုင်းလား မြို့မှတစ်ဆင့် တရုတ်နိုင်ငံတွင်းသို့ သတ္တုများကို သယ်ဆောင်လျက်ရှိသည်။

အဆိုပါကုမ္ပဏီ၌ တရုတ်ကျွမ်းကျင်လုပ်သား ၁၀၀ ကျော်ခန့်နှင့် ရှမ်း၊ ဗမာတိုင်းရင်းသား လုပ်သား ၂၅၀ ကျော် ခန့် ပါဝင်ကြပြီး အများစုမှာ ဒေသခံများမဟုတ်ဟု ယိင်းလျန်းဟန်က ပြောသည်။

ဒေသတွင်းကရော အလုပ်သမားရော၊ အဲဒီမှာ အလုပ်သမားတွေက ဒေသခံတွေ မဟုတ်ဘူးပေါ့နော်။ အများစု ကကျတော့ တခြားဒေသကနေ ခေါ်လာတဲ့ အလုပ်သမားတွေ ဖြစ်ပါတယ်ရှင့်။

ပြည်တွင်းလုပ်သားများ၏ လစာမှာ တစ်လလျှင် ကျပ် ၃၀၀,၀၀၀ (ဘတ် ၂,၂၀ဝ ဝန်းကျင်) မှ ကျပ် ၅၀၀,၀၀၀ (ဘတ် ၃,၈၀၀ ဝန်းကျင်) အထိသာ ရရှိပြီး၊ ရေရှည်တွင် ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ကျန်းမာရေး အသိရှိ သည့် ဒေသခံများက ဆိုကြသည်။ 

တစ်ဖက်တွင်မူ စက်ယန္တရားများ မောင်းနှင်သည့် တရုတ်ကျွမ်းကျင်လုပ်သားများမှာ တစ်နာရီလျှင် ဘတ် ၁၀၀ မှ ၄၀၀ အထိ ရရှိကြသည်။

မိုင်းတုံဒေသခံတစ်ဦးက တရုတ်တွေကျတော့ စက်တွေ မောင်းရတာ။ ဒီလို မြေသယ်ဘာသယ် မပါဘူး။ လစာ ကလည်း နိုင်ငံတကာနှုန်းပဲ။ ဗမာတွေ ရှမ်းတွေကတော့ အသက်ဘေးနဲ့လည်း နီးတယ်။ မစို့မပို့ပေးပြီး ခိုင်းတာ ဟု ပြောသည်။

အလားတူ မိုင်းတုံမြို့နယ်၊ လွယ်ချီလိတ်တောင်ပေါ်တွင်လည်း အဖြိုက်နက်တူးဖော်ရန်အတွက် ရုရှားနိုင်ငံအား စစ်တပ်က ခွင့်ပြုမိန့်ချပေးထားပြီးဖြစ်သည်ဟု ပြောသည်။ 

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့တွင် ရုရှားနိုင်ငံသား ၃ ဦးခန့်နှင့် စစ်တပ်ဗျူဟာမှူးတို့သည် အဖြိုက်နက် စတင် တူးဖော်ရန်အတွက် မြေတိုင်းပြီးဖြစ်သည်ဟု ယိင်းလျန်းဟန်က ထပ်မံရှင်းပြသည်။

စစ်ကောင်စီနဲ့ ရုရှားတော့ စစ်ကောင်စီက ဒီဘက် ရုရှား၊ ဒီဘက်မှာ လာတူးမယ့်ဟာတွေ အကုန်လုံး ရုရှားက လာတူးမယ့် နေရာအမှန်ကိုလည်း စစ်ကောင်စီက ခွင့်ပြုပြီးသားလို့ ပြောတယ်ဆိုတော့လေ၊ ဒါက စစ်ကောင်စီ ကိုယ်တိုင်ပဲ ခေါ်လာတာ ဖြစ်တယ်ပေါ့နော်၊ ဒီရုရှားတွေကို။

ထို့ပြင် လက်ရှိ ခဲမဖြူသတ္တုတွင်း၏ မြောက်ဘက် ၁၅ ကီလိုမီတာခန့်အကွာတွင်လည်း ရုရှားကုမ္ပဏီအား ခနောက်စိမ်းတူးဖော်မှုကို ထပ်မံခွင့်ပြုထားသေးသည်။ 

ယခု စစ်တပ်နှင့် တရုတ်၊ ရုရှားတို့ ပူးပေါင်းဖော်ဆောင်နေသည့် စီမံကိန်း ၃ ခုမှာ ရှမ်းပြည် အရှေ့ ပိုင်းတွင် လူသိရှင်ကြား ဖြစ်လာမည့် သတ္တုတူးဖော်ရေးလုပ်ငန်းကြီးများ ဖြစ်လာမည်ဟု ကျွမ်းကျင်ပညာရှင်များ က ခန့်မှန်းထားကြသည်။

သို့သော် ဒေသခံများအတွက် ကောင်းကျိုးတစ်စုံတစ်ရာ မရှိသဖြင့် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများက ကန့်ကွက်ရှုတ်ချနေကြသည်။

သတ္တုတူးဖော်သည့် စီမံကိန်းများကြောင့် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးကာလအတွင်း မိုင်းကျွတ်ကျေးရွာအနီး၊ ဖတ်ဂွတ်ချောင်းတစ်လျှောက်၌ စွန့်ပစ်သဲနုန်းအနယ်အနှစ်များ လိုက်ပါလာပြီး စပါးခင်းများ ပျက်စီးခဲ့ရဖူးသည်။ 

ထို့ပြင် ၂၀၂၅ ခုနှစ်နှောင်းပိုင်း ရေလှောင်တမံ တည်ဆောက်ပြီးစီးသွားသည့် နောက်ပိုင်းတွင်လည်း ဖတ်ဂွတ် ချောင်းမှ ရေများဖြည့်တင်းခဲ့သဖြင့်၊ ဆည်အောက်ခြေဘက်ရှိ ချောင်းရေများ ခန်းခြောက်ခဲ့ရပြီး စိုက်ပျိုးရေး လုပ်ငန်းများအပါအဝင် ရေအမှီပြုလုပ်ကိုင်ကြသည့် လုပ်ငန်းများစွာ ထိခိုက်နစ်နာခဲ့ရသည်ဟု ဒေသခံများက ပြောဆိုထားသည်။