မန္တလေး – မြစ်ကြီးနားလမ်း ပိတ်မိသူများကို လမ်းဘေးဆိုင်များနှင့် ဒေသခံများ ကူညီပေးနေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။

တိုက်ပွဲများကြောင့် မကြာခဏ လမ်းပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသည့် မန္တလေး – မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ရက်ပေါင်းများစွာ ပိတ်မိနေသည့် ခရီးသည်များနှင့် ကုန်တင်မော်တော်ယာဉ်မောင်းများကို လမ်းတစ်လျှောက်ရှိ ဒေသခံပြည်သူများက လူသားချင်းစာနာထောက်ထားမှုဖြင့် ဝိုင်းဝန်းကူညီပေးနေကြသည်။

ဒေသခံများနှင့် လမ်းဘေးစားသောက်ဆိုင်များက လမ်းပေါ်တွင် ပိတ်မိနေသူများကို အစားအသောက်များ အခမဲ့ကျွေးမွေးခြင်းနှင့် ထမင်းထုပ်များ လိုက်လံဝေငှပေးခြင်းများဖြင့် ကူညီခဲ့ကြသဖြင့် ကျေးဇူးတင်ရှိကြောင်း ခရီးသွားများနှင့် ကားသမားများက လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားမျှဝေနေကြသည်။

မန္တလေး – မြစ်ကြီးနားလမ်းပိုင်းသည် ယခုနှစ်အတွင်း ကသာ၊ နဘား၊ အင်းတော်နှင့် ပင်ဝယ်တစ်ဝိုက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မကြာခဏ ပိတ်ဆို့မှုများဖြစ်ပွားခဲ့ပြီး၊ ကုန်တင်ယာဉ်များနှင့် ခရီးသည် တင်ယာဉ် အများအပြား လမ်းပေါ်တွင် ရက်ပေါင်းများစွာ စောင့်ဆိုင်းနေကြရခြင်း ဖြစ်သည်။

ယာဉ်မောင်းတစ်ဦး၏ ပြောကြားချက်အရ လက်ရှိအခြေအနေတွင် အဆိုပါလမ်းပိုင်းကို အသုံးပြု၍ သွားလာနေ ကြသူအများစုမှာ အပျော်ခရီးသွားသူများ မဟုတ်ဘဲ အလုပ်ကိစ္စနှင့် ပညာရေးကိစ္စရပ်များကြောင့် မဖြစ်မနေ သွားလာနေရသူများသာ ဖြစ်သည်။

၎င်းက အရင်ကလိုပဲ ဒီလမ်းက အပျော်ခရီးသွားဖို့တော့ မသင့်ဘူး။ ဘယ်သူမှလည်း မသွားကြဘူး။ တော် တော် များများက ကျောင်းကိစ္စ၊ အလုပ်ကိစ္စရှိလို့သာ သွားနေကြတာ ဟု ပြောသည်။

မကြာခဏ လမ်းပိတ်ဆို့မှုများကြောင့် ငါးရက်ခန့်အထိ ကြန့်ကြာပိတ်မိနေသည့် ခရီးသည်များနှင့် ကားသမား များကို လမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်များနှင့် ရွာသူရွာသားများက စတုဒိသာအဖြစ် အစားအသောက်များ စီမံကျွေးမွေးခဲ့ကြခြင်း ဖြစ်သည်။

လမ်းပိတ်တော့ ထမင်းဆိုင်တွေက ငါးရက်လောက် ပိတ်မိနေတဲ့ ကားသမားတွေနဲ့ ခရီးသွားတွေကို တစ်ရက် စာ စတုဒိသာကျွေးတယ်။ နောက်ပိုင်းကျတော့ ထမင်းထုပ်တွေ လိုက်ဝေတာတွေလည်း ရှိလာတယ် ဟု အဆိုပါယာဉ်မောင်းက ဆက် ပြောသည်။

လက်ရှိတွင် လမ်းပိုင်းတစ်ခုလုံး၏ လုံခြုံရေးအခြေအနေမှာ လုံးဝစိတ်ချရသည့် အခြေအနေ မဟုတ်သေး သော် လည်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် နေရာများကိုသာ လမ်းပိတ်ထားပြီး၊ အန္တရာယ်နည်းပါးသည့် လမ်းပိုင်းများ၌ ခရီးသွားများကို ဖြတ်သန်းခွင့်ပြုနေကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများက ပြောသည်။ 

လမ်းပိတ်သဖြင့် ပြန်လှည့်လာသည့် မော်တော်ယာဉ်အချို့ကိုလည်း အခြေအနေအရ ပြန်လည် ဖြတ်သန်းခွင့် ပြုခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။

ယခင်ကလည်း အဆိုပါလမ်းပိုင်း ပိတ်ဆို့မှုများကြောင့် ကုန်တင်ကားများ ရက်ရှည်ပိတ်မိကာ သစ်သီးဝလံများ နှင့် စားသောက်ကုန်များ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ကုန်သည်များ ကြီးစွာနာလန်ထူရခက်သည့် အရှုံးများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

သို့သော် ယခုကဲ့သို့ ခက်ခဲနေသည့် အခြေအနေများတွင် ဒေသခံပြည်သူများ၏ အစားအသောက် ကူညီပံ့ပိုးမှု များသည် လမ်းပေါ်တွင် ပိတ်မိနေသူများအတွက် အလွန်အရေးပါသည့် အထောက်အပံ့တစ်ရပ် ဖြစ်နေကြောင်း လမ်းအသုံးပြုသူများက ဆိုသည်။

ဓာတ်ပုံ – San Lwin Min