တရုတ်နှင့် ရုရှားကို တုံ့ပြန်ရန် ဂျပန်နိုင်ငံက ဗဟိုထောက်လှမ်းရေးအေဂျင်စီအသစ် ဖွဲ့စည်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ ပြည်ပစွက်ဖက်မှုများ၊ ဆိုက်ဘာတိုက်ခိုက်မှုများနှင့် သူလျှိုလုပ်ငန်းများကို တုံ့ပြန်ရန်အတွက် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗဟိုထောက်လှမ်းရေးအေဂျင်စီကို ပြန်လည်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။
‘အမျိုးသားထောက်လှမ်းရေးအေဂျင်စီ’ (NIA) ဟု အမည်ပေးထားသည့် ဤအဖွဲ့အစည်းအသစ်ကို အမေရိကန်၊ ဂျာမနီနှင့် အော်စတြေးလျ စသည့် အနောက်နိုင်ငံမဟာမိတ်များ၏ အကူအညီဖြင့် လာမည့် ဒီဇင်ဘာလအတွင်း အပြီးသတ် တည်ထောင်သွားမည် ဖြစ်သည်။
ဤပြုပြင်ပြောင်းလဲမှုအတွက် အမေရိကန်ဒေါ်လာ ၄၀၇ သန်းခန့် အသုံးပြုမည်ဖြစ်ပြီး ယခင်ရှိပြီးသား ကက်ဘိနက် ထောက်လှမ်းရေးနှင့် သုတေသနရုံးကို ဖျက်သိမ်းကာ ဖွဲ့စည်းပုံအသစ်ဖြင့် အစားထိုးမည်ဖြစ်သည်။
အေဂျင်စီအသစ်တွင် ‘အမျိုးသားထောက်လှမ်းရေးကောင်စီ’ နှင့် ‘အမျိုးသားထောက်လှမ်းရေးဗျူရို’ ဟူ၍ အဖွဲ့နှစ်ခု ခွဲခြားထားမည်ဖြစ်ပြီး ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) ကိုယ်တိုက် တိုက်ရိုက်ကွပ်ကဲမည်ဖြစ်သည်။
၎င်းအပြင် ဆော့ဖ်ဝဲအင်ဂျင်နီယာများနှင့် ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူ ရာပေါင်းများစွာကို ခန့်အပ်သွားမည်ဖြစ်သည်။
ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီး ကာလကတည်းက ရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးဌာနများတွင် ထောက်လှမ်းရေးလုပ်ငန်းများကို သီးခြားစီ လုပ်ဆောင်ခဲ့၍ ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့သည်။
ထို့ကြောင့်ရုရှားစစ်ထောက်လှမ်းရေး၏ မှောင်ခိုနည်းပညာဝယ်ယူမှု ကွန်ရက်များနှင့် တရုတ်၏ ဝါဒဖြန့်သတင်းတုအန္တရာယ်များကို ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။