အိုးဘိုထောင်တွင် နိုင်ကျဉ်း ၁၅ ဦး ရိုက်နှက်ခံရပြီး ၃ ဦး တိုက်ပိတ်ခံထားရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

မန္တလေးမြို့၊ အိုးဘိုဗဟိုအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကို ရိုက် နှက်ခဲ့ပြီး ၃ ဦးကို တိုက်ပိတ်ကာ လက်ရှိအချိန်ထိ ဆေးဝါးကုသခွင့် မပေးသဖြင့် ကျန်းမာရေး အထူးစိုးရိမ်နေရ ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ပြောသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက နိုင်ငံရေးအကျဉ်းသား ၁၅ ဦးကိုတော့ ရိုက်နှက်ထားပြီး တော့မှ နိုင်ငံရေးအကျဉ်းသား ၃ ဦးကိုပဲ တိုက်ပိတ်ထားတယ်။ အခြားအကျဉ်းသားတစ်ဦးလည်း ပါတယ်ပေါ့ လေ။ စုစုပေါင်း ဆိုလို့ရှိရင်တော့ တိုက်ပိတ်ခံထားရတာ ၄ ဦး ဖြစ်ပါတယ်။ဟု ပြောသည်။ သူက ဆက်ပြီး “သူတို့တွေကို ဆေးဝါးကုသပေးတာမျိုး ဆေးဝါးစောင့်ရှောက်တာမျိုး မရှိဘူး။ အဆောင်ကိုလည်း ပြန်လည်ပို့ဆောင်ပေးတာမျိုး မရှိသေးဘူးလို့ သိရပါတယ် ဟု ပြောသည်။

ဖြစ်စဉ်မှာ စစ်ဘက်မှ ပြောင်းရွှေ့လာသည့် ဦးစီးအရာရှိ သန်းမြတ်စိုး ဦးဆောင်ကာ ထောင်ဝန်ထမ်းများက ယခင် က ၎င်းတို့ကိုယ်တိုင် ရောင်းချပေးခဲ့ဖူးသည့် နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ပိုင်အိပ်ရာလိပ် (ထောင်တွင်း အခေါ် ကစ်လိုက်) များကို ရှာဖွေရေးအကြောင်းပြ၍ အတင်းအဓမ္မ ပြန်လည်သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ သိမ်းဆည်းမှုအပေါ် နိုင်ငံရေးအကျဉ်းသားများက သွားရောက်မေးမြန်းရာတွင် ထောင်အာဏာပိုင်များက တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်းမရှိဘဲ ယင်းအိပ်ရာလိပ်များကို နောင်တွင် အသုံးမပြုတော့ပါဟု ဝန်ခံကတိ လက်မှတ်ထိုးရန် ဖိအားပေးခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများက ငြင်းဆန်ခဲ့သည့်အတွက် ထောင်ဝန်ထမ်း များက တုတ်များ၊ လက်သီးများဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်း PPNM က ဆိုသည်။

ထို့ပြင် ဦးဆောင်ကန့်ကွက်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ ဖြစ်ကြသော ကိုအောင်မျိုးကို (ခ) ကိုမျိုးကို၊ ကိုကျော်ကြီး၊ ကိုရှိန်ကြီးနှင့် အခြား ရာဇဝတ်အကျဉ်းသား တစ်ဦး စုစုပေါင်း ၄ ဦးကို တိုက်ပိတ်ပြစ်ဒဏ် ပေးထားပြီး၊ ကျန်နိုင်ငံရေးအကျဉ်းသားများကိုမူ အဆောင်ပြောင်းရွှေ့ကာ စောင့်ကြည့်ထားကြောင်း PPNM က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် ထောင်အာဏာပိုင်များ၏ ရိုက်နှက်မှုကြောင့် ပြင်းထန်ဒဏ်ရာရရှိထားသူများကို လုံလောက်သည့် ဆေးကုသခွင့် မပေးသဖြင့် ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။

အိုးဘိုအကျဉ်းထောင်ပိုင် ဦးသိန်းဇော်မောင်က ထောင်တွင်းရိုက်နှက်မှုများ မရှိစေရဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် ၎င်း၏လက်အောက်ခံ ဦးစီးအရာရှိ သန်းမြတ်စိုး၏ ရိုက်နှက်ကျူးလွန်မှုအပေါ် တစ်စုံတစ်ရာ အရေးယူခြင်းမရှိဘဲ ဖုံးကွယ်ထားကြောင်း စွပ်စွဲချက်များလည်း ရှိနေသည်။

အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှုများ ဆက်လက်ဖြစ်ပွားနေသည့် အခြေ အနေနှင့် ပတ်သက်၍ မရောင်နီလင်းက ယခုကဲ့သို့ ဆက်ပြောသည်။

လက်ရှိအခြေအနေမှာ အကျဉ်းထောင်အတွင်း ရိုက်နှက်ညှဉ်းပန်းတာ၊ ဆေးကုသခွင့်တွေကို ကန့်သတ်တာ၊ မိသားစုတွေ့ခွင့်တွေ၊ ရှေ့နေတွေ့ခွင့်တွေနဲ့ ကန့်သတ်ထားတာမျိုးတွေ ရှိနေသေးတယ်။ တိုက်ပိတ်အရေးယူတာ တွေကတော့ အရမ်းကို လွယ်လွန်းတယ်ပေါ့နော်။ သူတို့အရမ်းကို လုပ်လို့ကောင်းတဲ့ အရေးယူတဲ့ ပုံစံမျိုးပေါ့ လေ။ ဒါကိုတော့ တွေ့နေရဆဲပဲဖြစ်တယ်။ ဒီလိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ ယခုအချိန်ထိ ဆက် လက်ဖြစ်ပွားနေဆဲပဲ ဖြစ်ပါတယ်။

PPNM အနေဖြင့် လက်ရှိအချိန်ထိ တိုက်ပိတ်ခံထားရသူများကို ချက်ချင်းပြန်လွှတ်ပေးရန်၊ လုံလောက်သော ဆေးဝါးကုသခွင့်ပေးရန်နှင့် ထောင်တွင်းလူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာအဖွဲ့အစည်းများက မျက်ခြေမပြတ် စောင့်ကြည့်ပေးရန် တောင်းဆိုထားသည်။