စစ်အုပ်စု ပြန်စမည့် မြစ်ဆုံစီမံကိန်း တစ်နိုင်ငံလုံး ကန့်ကွက်ရန် လှုပ်ရှားသူများ တိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်။
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် တော်လှန်ရေး အလွန်ကာလတွင် ပြင်၍မရတော့မည့် အမျိုးသားရေး အမှားမျိုး ဖြစ်လာနိုင်သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝိုင်းဝန်းဆန့်ကျင်ကြရန် တက်ကြွလှုပ်ရှားသူများက တိုက်တွန်းလိုက်သည်။
သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်က ရပ်ဆိုင်းထားခဲ့သည့် အဆိုပါ မြစ်ဆုံစီမံကိန်းကို ၈ နှစ်ခွဲအတွင်း အပြီးတည်ဆောက်ရန် တရုတ်နိုင်ငံနှင့် သဘောတူညီမှု ရရှိထားကြောင်း စစ်အုပ်စုခန့် ကချင်ပြည် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်နေ့က မိုးကောင်းမြို့နယ်၊ ဆားမှော်ဘူတာ၌ ဒေသခံများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ဦးခက်ထိန်နန်က စီမံကိန်းကို ငလျင်ဒဏ်ခံနိုင်ရည် ရှိအောင် တည်ဆောက်မည့် အပြင် ဂြိုဟ်တုမှတစ်ဆင့်လည်း ရေကာတာ အခြေအနေကို ၂၄ နာရီ စောင့်ကြည့်သွားမည်ဟု ဆိုသည်။
သို့သော် အဆိုပါ ပြောဆိုမှုများသည် သတင်းအမှားများဖြင့် လူထုကို လိုက်လံစည်းရုံးနေခြင်းသာဖြစ်ကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW) ပြောရေးဆိုခွင့်ရှိသူ ဂျေကော့က ပြောသည်။
၎င်းက “မြစ်ဆုံရေကာတာ စီမံကိန်း အမြန်ဆုံးရပ်တန့်ဖို့ ပြည်သူလူထုတွေအနေနဲ့ အတူ ဆက်လက်ပြီးမှ ပူး ပေါင်းပါဝင်ပြီးမှ လုပ်ဆောင်သွားဖို့ ရှိပါတယ်ဗျ။ မြစ်ဆုံရေကာတာ စီမံကိန်းကို အမြန်ဆုံးရပ်တန့်ဖို့ လိုအပ် ပါတယ်” ဟု ပြောသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က အထောက်အထား မခိုင်လုံဘဲ စီမံကိန်းများကို ဆန့်ကျင်ပါက အရေးယူမည်ဟု အမိန့်ထုတ်ပြန်ကာ ပြည်သူကို ခြိမ်းခြောက်ထားသော်လည်း မြစ်ဆုံစီမံကိန်း ရပ်တန့်သည်အထိ ဆက်လက်ကန့်ကွက်သွားမည်ဟု ကချင်လူထုအခြေပြု အဖွဲ့အစည်းများက ဆိုသည်။
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကြောင့် ဌာနေတိုင်းရင်းသားများ အိုးအိမ်စွန့်ခွာရခြင်းနှင့် ဘိုးဘွားပိုင်မြေ အမွေ အနှစ်များ ပျက်စီးမည့်အပြင်၊ ဂေဟစနစ်နှင့် မြစ်အောက်ပိုင်း စိုက်ပျိုးရေးအပေါ် ပြင်ဆင်ရခက်သည့် သက်ရောက်မှုများ ရှိလာနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ထောက်ပြကြသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု တရားမျှတရေး ဆောင်ရွက်သူ ဦးဇုန်းတိန့်က “အရင်ကဆို ဧရာဝတီတိုင်းကို အာရှရဲ့ စပါးကျီလို့ ပြောကြတယ်။ ဒါပေမဲ့ အခုကို ဆန်စပါးထွက်နှုန်းက တော်တော်လေး ကျဆင်းသွားပြီ ဆိုတော့ တကယ်လို့သာ ဆည်ကြီး ပိတ်လိုက်ပြီဆိုရင် တစ်တိုင်းလုံးက ထွက်နေတဲ့ ပမာဏကြီး က လုံးဝကို ကမောက်ကမဖြစ်ပြီး လျော့ကျသွားတော့မှာ ဖြစ်တယ်” ဟု ပြောသည်။
ထို့ပြင် ၎င်းစီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများသည် ဧရာဝတီတိုင်းတစ်ခုတည်း တင်မကဘဲ တစ်နိုင်ငံလုံးအဆင့်အထိ သက်ရောက်လာနိုင်ကြောင်းလည်း ဦးဇုန်းတိန့်က ဆက်လက်သတိပေးထားသည်။
၎င်းက “တကယ့်တကယ် ကျနော်တို့ရဲ့ ပျက်စီးထိခိုက်မှုဟာ ပြည်သူလူထု သန်း ၅၀ အားလုံးက တိုက်ရိုက်ခံ စားရမယ်။ တချို့က သွယ်ဝိုက်ပြီး ခံစားကြရမှာဖြစ်လို့ ဒီကိစ္စမှာ ကျနော်တို့အားလုံး ပါဝင်ကြရအောင်လို့ ထပ်ပြီး နှိုးဆော်ပါရစေ” ဟု ပြောသည်။
အလားတူ မြစ်ဆုံဆည်အရေးသည် ကချင်ပြည် တစ်ခုတည်းနှင့် မဆိုင်ဘဲ တစ်နိုင်ငံလုံး၏ အရေးဖြစ်ကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တွဲဘက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကလည်း ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံများဆိုင်ရာ အခြေခံဥပဒေ (AFTA Zero Draft) ရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ဒေါ်နှင်းနှင်းမွှေးက “အရင်တုန်းက မြစ်ဆုံဆည်စီမံကိန်းကို ကန့်ကွက်ခဲ့တဲ့ ဆန့်ကျင်ခဲ့တဲ့သူတွေက အခု အာဏာ ပိုင် အဝန်းအဝိုင်းကို ရောက်သွားတဲ့အခါမှာ ဒါကို လုပ်လို့ရှိရင် တစ်နိုင်ငံလုံး ကောင်းကျိုးရမယ်။ မီးလင်းမယ် စသဖြင့် ဒါမျိုးတွေလည်း ပြောနေကြတော့ မြစ်ဆုံဆည်အရေးဆိုတာက ကျမတို့ တစ်နိုင်ငံလုံးရဲ့ အရေး ဖြစ် ပါတယ်။ ကချင်တစ်ခုတည်းရဲ့ အရေး မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတဲ့အခါကျတော့ တော်လှန်ရေးပြီးမှ လုပ်လို့ရတဲ့ ကိစ္စတွေရှိသလို တပြိုက်နက်တည်းမှာ တော်လှန်ရေး မပြီးခင်မှာ စစ်အုပ်စုက ခြေမြန်လက်မြန်နဲ့ လုပ်သွားလို့ တစ်နိုင်ငံလုံး ထိခိုက်မဲ့ ကိစ္စတွေ အများကြီးရှိနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်းတွင် တည်ဆောက်ရန် လျာထားသည့် စီမံကိန်းတွင် ချီဖွေဆည်၊ လိုင်ဇာ (မလိယန်) ဆည်၊ အူဆောက်ဆည်၊ ခေါင်လန်ဖူးဆည်၊ ရီနန်ဆည်၊ ဖီဆော်ဆည်နှင့် ဧရာဝတီမြစ်ဆုံဆည် အပါအဝင် စုစုပေါင်း ရေကာတာ ၇ ခုအထိ ပါဝင်oသည်။
အဆိုပါ စီမံကိန်းများသည် ဧရာဝတီမြစ်ကို မှီခိုနေရသည့် ပြည်သူများ၏ ရှင်သန်ရပ်တည်ရေး၊ အမျိုးသား လုံခြုံရေးနှင့် တစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်လာနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက သတိပေးထားသည်။