ဧရာဝတီတိုက်ပွဲတွင် စစ်အရာရှိများ သေဆုံး၊ အလောင်းနှင့် ဒဏ်ရာရသူများကို လေကြောင်းဖြင့် သယ်ယူနေရ
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်။
ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်အစပ် တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အရာရှိကြီးများအထိ ကျဆုံးသေဆုံးမှုများ ရှိလာနေပြီး၊ တပ်ဖွဲ့ဝင် ရုပ်အလောင်းများနှင့် ခြေလက်အင်္ဂါ မသန်စွမ်းသူများကိုပါ လေကြောင်းလိုင်းများ အသုံးပြုကာ ပြန်လည်သယ်ယူနေရကြောင်း ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
မိုးရာသီကာလအတွင်း စစ်တပ်သည် ဧရာဝတီ-ရခိုင်အစပ်ရှိ ရေကြည်၊ သာပေါင်း၊ အင်္ဂပူနှင့် လေးမျက်နှာမြို့နယ် များတွင် တပ်စွဲထားသည့် စစ်စခန်းများသို့ စစ်သင်္ဘောနှင့် ဇက်ရေယာဉ်များအသုံးပြုကာ စစ်ကူ၊ ခဲယမ်းနှင့် ရိက္ခာများ ပို့ဆောင်၍ ထိုးစစ်ဆင်လျက်ရှိသော်လည်း အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများကြောင့် အထိနာ ကာ အကျအဆုံးများပြားနေခြင်း ဖြစ်သည်။
အင်္ဂပူမြို့နယ်မှ ဒေသခံတစ်ဦးက “အခုလပိုင်းမှာ ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲတွေကို စစ်ကူတွေလွှတ်တာတွေ များတယ်။ ဒါပေမယ့် စစ်တပ်က အရာရှိတွေပါ ကျတယ်။ တချို့ ဒဏ်ရာပြင်းထန်လို့ လေကြောင်းကတောင် သယ်ရတယ်။ ရန်ကုန်အထိ ပို့ရတာရှိတယ်။ ပုသိမ်မှာ သင်္ဂြိုလ်တာရှိတယ်။ သူတို့ နယ်စပ်က ပြန်လာတဲ့ ကား တွေမှာ ဒဏ်ရာရစစ်သည်တွေ အများကြီးပဲ” ဟု ပြောသည်။
ဧရာဝတီ-ရခိုင်အစပ် တိုက်ပွဲများအတွင်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီးနောက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) မဆရ (၄) တွင် ဆေးဝါးကုသမှု ခံယူနေသည့် စစ်တပ်မှ ဗိုလ်မှူးတစ်ဦးမှာလည်း ပြီးခဲ့သည့် ရက်ပိုင်း အတွင်း သေဆုံးသွားခဲ့သည်။
အဆိုပါ သေဆုံးသွားသည့် ဗိုလ်မှူး၏ နာရေးအတွက် ဇူလိုင်လ ၂၃ ရက် နံနက် ၁၀ နာရီခွဲခန့်က နာရေးယာဉ်၊ အရာရှိစီးယာဉ်များ၊ စစ်ကား ၁၅ စီးနှင့် မီနီဘတ်စ်ကားများဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရာရှိကတော်များ၊ စစ်ရဲမေများ လိုက်ပါပို့ဆောင်ကာ ပုသိမ်မြို့၊ ရွှေမြင်တင်သုသာန်သို့ သွားရောက်သင်္ဂြိုလ်ခဲ့ကြသည်။
မြေပြင် စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “အေအေက စစ်ရေးအရ စိုးမိုးပြီး သေချာပြင်ဆင်ထားတဲ့ နေရာ တွေကို ပြည်သူ့စစ်တွေနဲ့ စစ်မှုထမ်းတပ်သားသစ်တွေနဲ့ အတင်းတက်ထိုးတော့ အထိနာကြတယ်။ နတခ မဆရ (၄) အပြင် ပုသိမ်ဆေးရုံမှာလည်း စစ်အရာရှိတွေ ဒဏ်ရာတွေနဲ့ ကုသနေတာ တွေ့တယ်” ဟု ပြောသည်။
ယခုအခါ ရခိုင်စစ်မျက်နှာပြင်တွင် သေဆုံးသွားသူများ၏ ရုပ်အလောင်းများနှင့် ခြေလက်အင်္ဂါ ပြတ်တောက် ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များကိုပါ လေကြောင်းလိုင်းများ အသုံးပြုကာ ပြန်လည်သယ်ယူနေရပြီး၊ ဇူလိုင်လ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်းတွင်လည်း အနောက်ဘက်စစ်မျက်နှာသို့ စစ်တပ်၏ လေယာဉ်များ အတက် အဆင်း ခပ်စိပ်စိပ် ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။
ရခိုင်ပြည်အတွင်း တိုက်ပွဲများကြောင့် စစ်တပ်ဘက်မှ သေဆုံးနှင့် ဒဏ်ရာရသူ အမြောက်အမာ ရှိနေသည့်အပြင် နတခ မဆရ (၄) နှင့် ပုသိမ်ဆေးရုံတို့တွင် လူနာလက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်လာနေသဖြင့် ဟင်္သာတ ဆေးရုံဘက်သို့ပါ ခွဲဝေပို့ဆောင် ကုသပေးနေကြရသည်။
အာရက္ခတပ်တော် (AA) သည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်နေ့များတွင် စစ်တပ်၏ ပွိုင့် ၂၂၇ ကာကင်း စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်တပ်က အဆိုပါစခန်းများကို ပြန်လည်ရရှိရေးအတွက် တပ် မ (၆၆) လက်အောက်ခံတပ်များနှင့် နတခ လက်အောက်ခံ ထုတ်နှုတ်တပ်ရင်းများကို အသုံးပြုကာ ရေကြည်မြို့ နယ်ဘက်သို့ အင်အား အမြောက်အမြားဖြင့် ဆက်လက် ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။