ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများတွင် စစ်တပ်အထိနာ၊ အလောင်းနှင့် လက်နက်များ AA သိမ်းဆည်းရမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။

ဧရာဝတီတိုင်းအတွင်း စစ်ကြောင်းထိုး ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ အကြား ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်တို့၌ တစ်ရက်တည်းတွင် ၅ နေရာထက်မက တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

ရေကြည်မြို့နယ် ပွိုင့် (၁၀၁) အနီးဝန်းကျင်နှင့် သာပေါင်းမြို့နယ် သာပေါင်းကလေးကျေးရွာ အနီးဝန်းကျင်ရှိ AA စစ်ကြောင်းများရှိရာ နေရာများသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၂ ရက်နေ့ တစ်ရက်တည်း၌ပင် တစ်နေ့လုံးနီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရေကြည်မြို့နယ်မှ ဒေသခံ သတင်းရင်းမြစ် အမျိုးသားတစ်ဦးက တိုက်ပွဲဖြစ်နေတဲ့ အသံတွေကိုတော့ ဆက် တိုက် ကြားနေရတယ်။ ကျနော်တို့လည်း သာပေါင်းနဲ့ ရေကြည် အစပ်နယ်မြေတွေကို သွားဖို့လာဖို့ လုံးဝ မလွယ်တော့ဘူး။ ဂိတ်တွေမှာ စစ်ဆေးတာတွေ အင်မတန် တင်းကျပ်ထားတယ်။ စစ်တပ်ကလည်း လေယာဉ်နဲ့ ဗုံးလာကြဲတာတွေ ရှိတော့ ရွာသားအများစုက ဘေးလွတ်ရာကို ကြိုရှောင်နေကြရတယ် ဟု ပြောသည်။

ဩဂုတ်လ ၁၂ ရက်နေ့၊ နံနက် ၆ နာရီ ၅၃ မိနစ်မှ ၉ နာရီ ၅၃ မိနစ်အထိ သာပေါင်းမြို့နယ်ဘက်မှ စစ်ကြောင်းထိုး လာသည့် စစ်အုပ်စုတပ်မ (၆၆) လက်အောက်ခံ ခလရ (၁၀၁) တပ်ရင်းနှင့် AA တို့သည် သာပေါင်းကလေး ကျေးရွာ၏ အရှေ့ဘက် မီတာ ၁,၀၀၀ ခန့်အကွာတွင် ၃ နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သာပေါင်း ဒေသခံတစ်ဦးက အခုဖြစ်နေတာက ဂွကို စစ်ကြောင်းထပ်ထိုးတာ မတန့်ဘဲ ဆက်တိုက် နေတာ စစ်တပ်က။ တိုက်ပွဲက ရပ်လိုက် တိုက်လိုက်ပါပဲ ဘောမိချောင်း၊ ဝါးယားရွာနဲ့ ကဇင်း တောရွာဘက်မှာ ဖြစ်နေ တာ။ အဲဒီနေရာတွေက ရခိုင်ပြည်နယ် ဂွမြို့နယ်အထိ တောက်လျှောက် စပ်နေတာဟု ပြောသည်။

စစ်အုပ်စုတပ်သည် လေကြောင်း၊ ဒရုန်းနှင့် မြေပြင် လက်နက်ကြီး ပစ်ကူများကို အများအပြား အသုံးပြု၍ အပြင်းအထန် ထိုးစစ်ဆင်ခဲ့သော်လည်း AA ဘက်က ခုခံစစ်နှင့် တန်ပြန်ထိုးစစ်တို့ဖြင့် တိုက်ခိုက်ခဲ့သဖြင့် စစ်အုပ်စုတပ်ဘက်မှ ထိခိုက်အကျအဆုံး များစွာဖြင့် တပ်လန်ကာ ဆုတ်ခွာသွားခဲ့ရသည်။ 

ထို့နောက် AA က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းအချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဩဂုတ်လ ၁၄ ရက်နေ့တွင် AA က သတင်းထုတ်ပြန်သည်။

အလားတူ ရေကြည်မြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသည့် တပ်မ (၆၆) လက်အောက်ခံ ခလရ (၁) နှင့် (၁၁) တပ်ရင်းများကိုလည်း AA က ပွိုင့် (၁၀၁) ကုန်း တောင်ဘက်နှင့် အနောက်တောင်ဘက်တို့တွင် နာရီပေါင်းများစွာ ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်။

ထို့ပြင် ယင်းတိုက်ပွဲများ ဖြစ်ပွားရာ အနီးဝန်းကျင် မလှမ်းမကမ်း နေရာ ၂ ခု၌လည်း စစ်အုပ်စုတပ်က ထပ်မံ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။

စစ်အုပ်စုတပ်သည် ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်၊ ဒရုန်းနှင့် မြေပြင် လက်နက်ကြီး ပစ်ကူများစွာ အသုံးပြုကာ စစ်ကြောင်းများ ခွဲ၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို AA က ထပ်မံသိမ်းဆည်းရမိခဲ့သည်။

စစ်အုပ်စုတပ်သည် ရခိုင်ပြည်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် အတွက် ရခိုင်ပြည်နှင့် နယ်မြေချင်း ထိစပ် နေသည့် တိုင်း ၃ တိုင်းနှင့် ပြည်နယ် ၁ ခုတို့မှ တစ်ဆင့် ပုံစံမျိုးစုံ၊ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်မှာ ၂ နှစ် နီးပါး ရှိလာပြီဖြစ်သည်။ 

ထိုသို့ ထိုးဖောက်ရန် အားထုတ်နေသည့် နေရာများအနက် ရခိုင် – ဧရာဝတီ နယ်စပ်အစပ် ဒေသများ၌ ယခု ရက် ပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်။

ဓါတ်ပုံ – အာရက္ခတပ်တော် (AA)