ထားဝယ် အထူးစီးပွားရေးဇုံ ဒေသတွင်း စစ်တပ် စစ်ကြောင်းထိုး၊ ရွာသားများ ထွက်ပြေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်။
တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ) ဒေသအတွင်းသို့ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ယခုလအတွင်း ဒုတိယအကြိမ်မြောက် ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ကြောင့် ဒေသခံပြည်သူများမှာ နေအိမ်များကို စွန့်ခွာကာ တိမ်းရှောင်နေကြရသည်။
ကားလေးစီးဖြင့် အင်အား ၅၀၀ ဝန်းကျင်ပါရှိသော အဆိုပါစစ်ကြောင်းသည် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက စတင်ကာ ဝက်ချောင်းကျေးရွာမှ တစ်ဆင့် ထပ်မံဝင်ရောက်လာခြင်းဖြစ်ပြီး လမ်းပိုင်းတစ်လျှောက်တွင်လည်း ခရီးသည်တင်ကားများကို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။
စစ်ဘေးရှောင်ဒေသခံ တစ်ဦးက “စစ်ကြောင်း ဝင်လာစဉ် လမ်းမှာတွေ့ရတဲ့ ဝက်ချောင်းရွာနဲ့ ဝဇွမ်းတောရွာက ခရီးသည်တင်ကားတွေကို ဖမ်းဆီးခဲ့ပြီး တစ်စီးကိုတော့ ထားဝယ်မြို့ဘက်ကို ပြန်လွှတ်လိုက်တယ်” ဟု ပြော သည်။
စစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်မှ စတင်ကာ အင်အား ၁,၀၀၀ နီးပါးဖြင့် DSEZ ဒေသအတွင်းသို့ ပထမအကြိမ် ဝင်ရောက်ခဲ့စဉ်ကလည်း ဝက်ချောင်းရွာနီး၌ ခရီးသည်တင်ကား ခြောက်စီးကို တားဆီးကာ ယာဉ်မောင်းများနှင့် အမျိုးသားခရီးသည်များကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ကြောင်းနှင့်အတူ လူသား ဒိုင်းအဖြစ် အသုံးပြုခဲ့ကြသည်။
ထို့ပြင် ဇူလိုင် ၁၅ ရက်နေ့တွင် ထိန်ကြီးကျေးရွာသို့ ဝင်ရောက်စဉ် အမျိုးသား ကိုးဦးကိုပါ ထပ်မံဖမ်းဆီးခဲ့ သေးသည်ဟု Dawei SEZ Watch အဖွဲ့က ဇူလိုင်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဒေသခံတစ်ဦးက “စစ်ကြောင်းက လူတွေကို ဖမ်းပြီး လမ်းပြခေါ်သွားတာမျိုးတွေ လုပ်တယ်။ ဘယ်သူမှ လွတ်လွတ်လပ်လပ် သွားလာလို့ မရဲကြတော့ဘူး” ဟု ပြောသည်။
ယခုကဲ့သို့ ဒုတိယအကြိမ် ဆက်တိုက်စစ်ကြောင်းထိုးလာမှုနှင့်အတူ ယခင်ပထမအကြိမ် စစ်ကြောင်း ထိုးစဥ် ကလည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် လူငယ်သုံးဦးနှင့် ဒေသခံတစ်ဦး အသတ်ခံခဲ့ရပြီး လူနေအိမ်များ မီးရှို့ခံရကာ တန်ဖိုးရှိပစ္စည်းများနှင့် မော်တော်ယာဉ်၊ ဆိုင်ကယ်များလည်း သိမ်းယူခံခဲ့ရသည်။
ယခုကဲ့သို့ ဒုတိယအကြိမ် ဆက်တိုက် စစ်ကြောင်းထိုးလာမှုကြောင့် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်းနှင့် ကညင်အင်း စသည့် ကျေးရွာခုနစ်ရွာမှ ဒေသခံများသည် အိုးအိမ် စွန့်ခွာကာ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ဧကနိကျေးရွာအတွင်းသို့ ရောက်ရှိ နေပြီဟု ဒေသခံများက ပြောသည်။
၁၈ နှစ်ကြာမြင့်သည်ထိ ပုံဖော်မလာနိုင်သေးသည့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို စစ်အုပ်စုက ရုရှားနိုင်ငံနှင့် ပူးပေါင်းကာ အလောတကြီး ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေချိန်၌ ယခုကဲ့သို့ မြေပြင် လုံခြုံရေး မတည်ငြိမ်မှုများနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။
စစ်အုပ်စု ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၏ ဇွန်လအတွင်း တနင်္သာရီတိုင်း ခရီးစဉ်အပြီးတွင် DSEZ နယ်မြေအတွင်းသို့ စစ်ကြောင်းထိုးမှုများ ပိုမိုပြင်းထန်လာခြင်းဖြစ်ကာ ဒေသခံပြည်သူများမှာမူ စစ်ရေး ပဋိပက္ခနှင့် မြေပြင်အကျပ်အတည်းများကို အကြိမ်ကြိမ် ခံစားနေကြရဆဲ ဖြစ်သည်။