ရခိုင်တွင် သွေးလွန်တုတ်ကွေးကြောင့် ဆေးရုံတက်ရသူ ၁၅၅ ဦးရှိလာပြီး သေဆုံးသူများရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
ရခိုင်ပြည်တစ်ဝန်းတွင် သွေးလွန်တုတ်ကွေးရောဂါ ဆက်တိုက်ဖြစ်ပွားနေပြီး ဆေးရုံတက်ရောက် ကုသသူ ၁၅၅ ဦးအထိ ရှိလာကာ သေဆုံးသူများလည်း ရှိလာကြောင်း ဒေသတွင်းရှိ ကျန်းမာရေးဝန်ထမ်းများက ပြောသည်။
ယခုနှစ် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် သွေးလွန်တုတ်ကွေး ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသရ သော လူနာတစ်ဦးကို စတင်တွေ့ရှိခဲ့ပြီး မြို့နယ်အချို့တွင် ကြိုကြားကြိုကြား ဆက်တိုက်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ သွေးလွန်တုတ်ကွေးဖြစ်ပွားသော လူနာများအထဲမှ ဇွန်လ ၁၈ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်မှ အသက် ၁ နှစ်နှင့် ၅ လအရွယ် ကလေးတစ်ဦး၊ ဇူလိုင်လ ၈ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ဝေသာလီရွာမှ အသက် ၂၇ နှစ်အရွယ် လူနာတစ်ဦးနှင့် ဇူလိုင်လ ၉ ရက်နေ့တွင် အသက် ၃၆ နှစ်အရွယ် လူနာတစ်ဦးတို့ အသီးသီး သေဆုံးခဲ့သည်။
ထို့ကြောင့် ရခိုင်ပြည်တွင် ၂၀၂၆ ခုနှစ်အတွင်း သွေးလွန်တုတ်ကွေးရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုခံ ယူရသူ ၁၅၅ ယောက်အထိ ရှိပြီး သေဆုံးသူ စုစုပေါင်း ၃ ယောက်ထိ ရှိကာ၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ကလည်း တစ်ပြည်နယ်လုံး သွေးလွန်တုတ်ကွေး ဖြစ်ပွားသူ ၂,၄၅၂ ဦးနှင့် သေဆုံးသူ ၈ ဦးအထိ ရှိခဲ့သည်။
ရခိုင်ပြည်မြောက်ပိုင်းတွင် ဆေးကုသပေးနေသော ဆရာဝန်အမျိုးသမီးက “သတိပေးထားတယ် ငှက်ဖျားနဲ့ သွေးလွန်တုတ်ကွေး နှစ်တိုင်းကိုယ့်ဒေသမှာ ရာသီအလိုက်ဖြစ်တယ်။ သေတာတွေရှိတယ်။ ရေကျသွားပြီး နောက်ပိုင်း သတိထားနေရတာ၊ အခု သုံးယောက်လောက်သေတယ်။ နောက် လက်လှမ်းမမီတဲ့ နေရာတွေမှာ အခြေအနေ မသိရသေးဘူး။ ဆေးရုံဆေးခန်းတွေကလည်း မလာနိုင်တဲ့ဒေသတွေရှိပါတယ်။ ကျမတို့ ကွင်းဆင်း ဖို့လည်း ရှိပါတယ်။ ကျမတို့ ထိန်းနိုင်အောင်လုပ်နေတာပါ” ဟု ပြောသည်။
အာရက္ခပြည်သူ့ ကျန်းမာရေးဌာနသည် နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားလေ့ရှိပြီး သေဆုံးနှုန်းမြင့်မားသော သွေးလွန် တုတ်ကွေးရောဂါနှင့် ပတ်သက်၍ မိုးရာသီမကျရောက်ခင်ကပင် ကြိုတင်ပြင်ဆင်ခဲ့သည်ဟု ဆိုထားပြီး၊ ဇူလိုင် ၃၀ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။
သံတွဲဒေသခံက “အခုပြောနေတဲ့ သေဆုံးစာရင်းက အေအေက လက်လှမ်းမီသလောက်စုထားတာ သူတို့ မသိဘဲ သေတာတွေရှိတယ်။ တစ်လနေလို့ မြို့ပေါ်မရောက်တဲ့ တောင်ခြေရင်းကရွာတွေ၊ ချောင်းဖျားဒေသရွာတွေမှာ သေတာတွေကြားတယ်” ဟု ပြောသည်။
အာရက္ခပြည်သူ့ ကျန်းမာရေးဌာနသည် ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကာ ရာသီ အလိုက် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများကို ကာကွယ်ထိန်းချုပ်ရန် ဆောင်ရွက်နေပြီး၊ ရေကြီးရေလျှံ မှုများ ဖြစ်ပွားပြီးနောက် ရေပြန်ကျသွားပြီ ဖြစ်သော်လည်း ငှက်ဖျားနှင့် သွေးလွန်တုတ်ကွေး ရောဂါများကို အထူးဂရုစိုက်ကြရန် တိုက်တွန်းထားသည်။