ရွှေညောင်တွင် ကားပစ္စည်းရောင်းသူ လင်မယားအား အညှိုးထား သတ်ဖြတ် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ ဂျပန်ကားအပိုပစ္စည်းဆိုင်တွင် ဆိုင်ပိုင်ရှင် ဇနီးမောင်နှံ ၂ ဦး ဓါးထိုးခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း ဆိုင်အနီးနားတစ်ဝိုက် နေထိုင်သူများက ပြောသည်။

ရွှေညောင်မြို့၊ ဓနသိဒ္ဓီရပ်ကွက်၊ နယ်မြေ (၂)၊ နိဗ္ဗာန်လမ်းပေါ်ရှိ ဂျပန်ကားအပိုပစ္စည်းဆိုင်တွင် ယမန်နေ့ (ဇူလိုင် ၃၀ ရက်) နံနက် ၈ နာရီခန့်က အဆိုပါ ဓါးထိုးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၀ အရွယ် ဝန်ထမ်းဖြစ်သည့် သန့်ဇင်ဖြိုးဆိုသူက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တရားခံအား စစ်ဆေးချက်အရ ပြီးခဲ့သည့်ရက်ပိုင်းခန့်က ၎င်းဝယ်ယူလာသည့် ကားအပိုပစ္စည်းကို ဆိုင်ရှင်က ဈေးကြီးသည်ဟုဆိုကာ ဆဲဆိုခဲ့သဖြင့် ၎င်းမှာ ဆိုင်ရှင်အား အညိုးအတေး မှတ်ထားခဲ့ခြင်းဖြစ်သည်။ 

ထို့နောက် လူအလစ်ငိုက်သည့်အချိန်တွင် အသွား ၈ လက်မရှိသည့် ဓါးဖြင့် ဒေါ်ရင်ရင်ဦးအား လည်ပင်းနေရာ၌ ၄ ချက်တိတိ ထိုးသတ်ခဲ့ပြီး၊ ခင်ပွန်းဖြစ်သူ ဦးမောင်ညိုမှာ ခုခံသဖြင့် ကားဒူးဆစ်ဖြင့် ခေါင်းနေရာကို ရိုက်သတ်ခဲ့ ခြင်းဖြစ်ကြောင်း လူမှုကူညီရေး အသင်းဝင်တစ်ဦးက ပြောသည်။

လူမှုကူညီရေး အသင်းဝင်တစ်ဦးက မိန်းမကတော့ ပွဲချင်းပြီးပဲ။ ယောကျ်ားက ဆေးရုံမှာဆုံးတာ။ မိန်းမကို တော့ ဝင်ဝင်ချင်း ထိုးသတ်တာ။ ယောကျ်ားက တုတ်ကောက်နဲ့ ပြန်ကာတော့ ဓါးကကောက်သွားတယ်။ အဲ့မှာ သူက ဒူးဆစ်နဲ့ ရိုက်ထည့်လိုက်တာ။ အခုတော့ ၂ ယောက်လုံးဆုံးပြီ ဟု ပြောသည်။

ကားဒူးဆစ် ဆိုသည်မှာ ကားဘီးနှင့် ကားဝန်ရိုးဆက်ထားသည့် ထိပ်ဖူးပါ စတီးချောင်း ဖြစ်သည်။ 

အခင်းဖြစ်ရာ အနီးတစ်ဝိုက်ရှိ CCTV များအား စစ်ဆေးချက်အရ အင်္ကျီအနက်၊ ဘောင်းဘီအနက်၊ မတ်စ် (နှာခေါင်းစည်း) အနက် ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးမှာ ပြည်ထောင်စုလမ်းမဘက်မှ ရတနာလမ်း အတိုင်း လျှောက်လာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်သွားသည်ကို တွေ့ရှိခဲ့ရသည်။ 

ထိုမှတစ်ဆင့် CCTV ဆက်လက် စစ်ဆေးချက်အရ ၎င်းမှာ ထွက်ခွာပြီးနောက် ဆိုင်နှင့် တစ်အိမ်ကျော် အကွာ အဝေးရှိ အိမ်တစ်လုံး၌ ပုန်းအောင်းနေသည်ကို တွေ့ရှိခဲ့ရပြီး ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါကျူးလွန်သူမှာ ဝန်ထမ်းဖြစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း နီးစပ်သူများက ပြောသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ဆိုင်နှင့် နီးစပ်သူအမျိုးသမီးတစ်ဦးက အဓိကတော့ CCTV က လိုက်တယ် ပြောလို့ရမယ်။ လမ်းတစ်လျှောက်လုံး ရှိတယ်ဆိုတော့ စစ်ရင်းစစ်ရင်း နောက်ဆုံးမိသွားတယ်။ ကြားရတာ တော့ သူတို့ ပစ္စည်းဝယ်တာနဲ့ ပတ်သက်ပြီး ဖြစ်ကြတယ်လို့ ကြားထားပါတယ်။ အခုတော့ စခန်းမှာ ချုပ်ထား ပြီ။ တောင်ကြီးပို့မယ်လို့ ခန့်မှန်းရပါတယ် ဟု ပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် အသုံးပြုခဲ့သည့် အသွား ၈ လက်မခန့်ဓါးတစ်လက်နှင့် ကားဒူးဆစ်တို့ကို သက်သေခံ ပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ပြီးနောက် ကျူးလွန်သူ သန့်ဇင်ဖြိုးအား ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ကျူးလွန်သူအား ရွှေညောင်မြို့နယ်မြေ ရဲစခန်းမှ တစ်ဆင့် တောင်ကြီးမြို့မ ရဲစခန်းသို့ ဆက်လက်ပို့ဆောင်သွား မည် ဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။